Monday, September 16, 2013

ဧက ၅၀၀၀ ကျော် ပုစွန်မွေးမြူရေးဇုန် အပါအ၀င် အအေးခန်းစက်ရုံနှင့် ပုစွန်သားဖောက် စခန်းများကို ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ပူးတွဲလုပ်ကိုင်မည်

ဧက ၅၀၀၀ ကျော်ရှိသည့် ပုစွန်မွေးမြူရေးဇုန် အပါအ၀င် အအေးခန်းစက်ရုံနှင့် ပုစွန်သားဖောက် စခန်း များကို ပြည်တွင်းပြည်ပ လုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်း လုပ်ကိုင်မည်ဖြစ်ကြောင်း မွေးမြူရေး ၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ၀န်ကြီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာနမှ သတင်းရရှိသည်။

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တန်းမြို့နယ်တွင် ၅၄၁၄ ဒသမ ၄၆ ဧက ကျယ်ဝန်းသည့် မရမ်းစွဲဘာ ပုစွန်စံပြ မွေးမြူရေးဇုန်တွင် လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ခြင်း မရှိသည့် အတွက် ပြည်တွင်း၊ ပြည်ပလုပ်ငန်းရှင်များ ဖိတ်ခေါ်ကာ အကျိုးတူပူးပေါင်း ဆောင်ရွက်ရန် လိုနေကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။

ထို့အပြင် ငါးလုပ်ငန်း ဦးစီးဌာနပိုင်ဖြစ်သည့် ကျောက်ဖြူအအေးခန်းစက်ရုံ၊ ညောင်ရွှေအအေးခန်း စက်ရုံနှင့် သံတွဲခရိုင် လုံးသာပုစွန်သားဖောက်စခန်း သုံးခုတို့ကိုလည်း ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ငါးလုပ်ငန်း ဦးစီးဌာနက ထုတ်ပြန်ထားသည်။

အဆိုပါ အအေးခန်းစက်ရုံနှင့် ပုစွန်သားဖောက် စခန်းများကို ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များနှင့် အကျိုးတူပူးပေါင်း ဆောင်ရွက်ရန်အတွက် အဆိုပြုလွှာ များကို စတင်ခေါ်ယူနေပြီဖြစ်သည်။

လက်ရှိပြည်တွင်းတွင် လုပ်ကိုင်နေကြသည့် ကျောက်တန်းပုစွန် စံပြမွေးမြူရေးဇုန်၊ ဟိုင်းကြီးကျွန်း သက် ကယ်တောင် ပုစွန်မွေးမြူရေးဇုန်၊ ရွှေတောင်ရံနှင့် ငွေဆောင်ပုစွန် မွေးမြူရေးဇုန်များမှ အများစုသည် လုပ်ငန်းအောင်မြင်စွာ လည်ပတ်နိုင်ခြင်းမရှိဘဲ အချို့မှာ ရပ်နားထားရမှုများ ရှိနေကြောင်း ငါးလုပ်ငန်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ပြည်တွင်း၌ လုပ်ကိုင်နေကြသည့် အအေးခန်း စက်ရုံများတွင် ရေထွက်ပစ္စည်း ကုန်ကြမ်းရှားပါးမှုများ ရှိနေသည့်အတွက် အခက်အခဲများ ဖြစ်ပေါ်လျက်ရှိကြောင်း ရေထွက်ကုန် လုပ်ငန်းရှင်များက ပြောကြား သည်။

Eleven Media Group

No comments:

Post a Comment