Monday, September 2, 2013

သတ်မှတ်ပညာပေးကာလ ပြည့်သွားသဖြင့် တရားမ၀င် မှောင်ခိုကုန်သွယ် သူများအား ထောင်ဒဏ်သုံးနှစ်အထိ အပြစ်ပေးနိုင်မည့် ပို့ကုန်သွင်းကုန် ဥပဒေနှင့် စတင်အရေးယူမည်

Z-2-9
ရန်ကုန်မြို့ ဆိပ်ကမ်းတစ်ခုတွင် ကုန်တင်ကုန်ချ ပြုလုပ်နေသော သင်္ဘောတစ်စီးကို တွေ့ရစဉ်
တရားမ၀င် မှောင်ခိုကုန်သွယ်နေမှုများ ယခင်က ဒဏ်ကြေးသာ ပေးဆောင်စေသည့် ပင်လယ်ရေကြောင်း ဥပဒေဖြင့် အရေးယူခဲ့ပြီး ထောင်ဒဏ်သုံးနှစ်အထိ အပြစ်ပေးနိုင်မည့် ပို့ကုန်သွင်းကုန် ဥပဒေဖြင့် စတင် အရေးယူ ဖမ်းဆီးမှုအား စတင်ပြုလုပ်နေကြောင်း တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ စက်တင်ဘာ ၁ ရက်က သိရသည်။
တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီ အနေဖြင့် မှောင်ခိုကုန်သွယ်မှုများအား စတင်ဖမ်းဆီးခဲ့သည့် ကာလမှ လက်ရှိအချိန်အထိ ကျပ်သန်းခြောက်ထောင်ကျော်အထိ ဖမ်းဆီးမိခဲ့ပြီး မှောင်ခိုကုန်သွယ်မှုများအား ပိုမိုတင်းကျပ်စွာ ဖမ်းဆီးနိုင်ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့် အရေးယူနိုင်ရန် အစိုးရအဖွဲ့ အပါအ၀င် တာဝန်ရှိသူများထံ တင်ပြခဲ့ကာ ခွင့်ပြုချက် ရရှိခဲ့သဖြင့် သြဂုတ် ၁၂ ရက်မှ ၃၁ ရက်အထိ ပညာပေးကာလအဖြစ် သတ်မှတ်ခဲ့ပြီး စက်တင်ဘာ ၁ ရက်မှ စတင်ကာ ထောင်ဒဏ်သုံးနှစ်အထိ အပြစ်ပေးနိုင်မည့် ပို့ကုန်သွင်းကုန် ဥပဒေနှင့် အရေးယူမည်ဖြစ်သည်။
ပညာပေး ကာလအတွင်း တရားမ၀င် တင်ဆောင်လာသည့် အရက်၊ ဘီယာများနှင့် ID အလွဲအပို၊ CO အလွဲအပိုများဖြင့် တင်ဆောင်လာမှုများ ဖမ်းဆီးခဲ့မိပြီး ခွင့်ပြုချက်မရှိသည့် သွင်းကုန်များအား ဖမ်းဆီးကာ ID အလွဲအပို၊ CO အလွဲအပိုများဖြင့် တင်ဆောင်လာသည့် သွင်းကုန်များကိုမူ ဒဏ်ကြေးသာ ပေးဆောင်စေ ခဲ့ကြောင်း သိရသည်။

"တရားမ၀င် မှောင်ခိုတင်သွင်းတဲ့ သူတွေကို စတင်ဖမ်းဆီးတော့ အစိုးရအဖွဲ့ အနေနဲ့ ၂၀၁၂ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ အရေးယူရင် ပြစ်ဒဏ်က အရမ်းပြင်းထန် နေမလားဆိုပြီး ဒဏ်ကြေးပဲ ပေးဆောင်စေရမယ်လို့ ပြဋ္ဌာန်း ထားတဲ့ ပို့ကုန်သွင်းကုန် ဥပဒေနဲ့ပဲ အရေးယူစေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ မှောင်ခိုကုန်သွယ်မှုက ဖမ်းနေ တဲ့ကြားမှာပဲ မြင့်တက်လာနေပြီး  တရားဝင် လိုင်စင်နဲ့ ကုန်သွယ်မှု အရမ်းနည်းလာတဲ့အတွက် ပို့ကုန် သွင်းကုန် ဥပဒေနဲ့ စတင်အရေးယူဖို့ အစိုးရအဖွဲ့ ခွင့်ပြုချက် ရယူခဲ့ပြီး မှောင်ခိုကုန်သွယ်သူတွေကို အရေးယူဖို့ စီစဉ်ရတာပါ" ဟု တရားမ၀င် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး ဗဟိုကော်မတီမှ ညွှန်ကြားရေးမှူး ဦးတင်ရဲဝင်းက ဆိုသည်။

Eleven

No comments:

Post a Comment