Sunday, September 8, 2013

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ပေါ်တွင် အဆင့်မြင့် ဆိပ်ကမ်းခြောက်ခု တည်ဆောက်ရန် စီစဉ်ထားသော်လည်း ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီ မရှိသေး

T-8-9
မန္တလေးမြို့ ဧရာဝတီ ဆိပ်ကမ်းတစ်နေရာအား တွေ့ရစဉ်
ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်ပေါ်တွင် အဆင့်မြင့်ဆိပ်ကမ်း ခြောက်ခုအား ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံ မှုများဖြင့် တည်ဆောက်ရန် စီစဉ်ထားသော်လည်း ယခုချိန်ထိ ရင်းနှီးမြှုပ်နှံမည့် ကုမ္ပဏီ မရှိသေးကြောင်း သတင်းရရှိပါသည်။
မြန်မာနိုင်ငံ၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန အနေဖြင့် ဧရာဝတီမြစ်ပေါ်တွင် အဆင့်မြင့် ဆိပ်ကမ်းလေးခုနှင့် ချင်းတွင်းမြစ်ပေါ်တွင် အဆင့်မြင့်ဆိပ်ကမ်း နှစ်ခုအား ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှုများဖြင့် တည်ဆောက်သွားရန် စီစဉ်ထားခြင်း ဖြစ်သည်။
သို့သော် လက်ရှိအချိန်ထိ အဆိုပါ ပြည်တွင်းဆိပ်ကမ်းများအတွက် ရင်းနှီးမြှုပ်နှံ တည်ဆောက်မည့် ပြည်တွင်းပြည်ပ ကုမ္ပဏီ တစ်ခုမှ မရှိခြင်းကြောင့် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီး ဌာန အနေဖြင့် ပြည်ပချေးငွေဖြင့် တည်ဆောက်ရန် စီစဉ်နေကြောင်းလည်း သိရသည်။

"ခုချိန်ထိတော့ ပြည်တွင်းပြည်ပ ကုမ္ပဏီ တစ်ခုကမှ ဆိပ်ကမ်းတည်ဆောက်ဖို့ စိတ်ဝင်စားမှု မရှိသေးဘူး။ ပြည်ပချေးငွေ ရရင်တော့ ဌာနအနေနဲ့ တည်ဆောက်သွားဖို့ စီစဉ်နေပါတယ်" ဟု ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြောသည်။
    
ဧရာဝတီမြစ်ပေါ်ရှိ အဆင့်မြင့်ဆိပ်ကမ်း လေးခုမှာ တရုတ်နိုင်ငံမှ ထွက်ကုန်များအား ရန်ကုန်မြို့အထိ ဧရာဝတီ မြစ်ရေလမ်းကြောင်းကို အသုံးပြု၍ သယ်ဆောင်နိုင်ရန် စင်းခန်းဆိပ်ကမ်း၊ မန္တလေး-မုံရွာ-တမူး လမ်းကြောင်းနှင့် မန္တလေး-လားရှိုး-ရွှေလီလမ်းကြောင်းများ ဖွံ့ဖြိုးလာပါက ကုန်စည်ကုန်သေတ္တာများ လက်ခံကိုင်တွယ်ရန် မန္တလေးဆိပ်ကမ်း၊ ဧရာဝတီမြစ် အနောက်ဘက်ကမ်းနှင့် ချင်းတွင်းမြစ် အနောက် ဘက်ကမ်း ဒေသများမှ ကုန်စည်များ ပို့ဆောင်ရန်နှင့် မြန်မာပြည်အောက်ပိုင်းမှ ကုန်စည်များအား လက်ခံကိုင် တွယ်နိုင်ရန် ပခုက္ကူဆိပ်ကမ်း၊ ကျောက်ဖြူ-မကွေး-မန္တလေး-ရွှေလီစင်္ကြံလမ်း ဖွံ့ဖြိုးလာပါက အပြန်အလှန် ပို့ဆောင်မည့် ကုန်စည်များနှင့် မြန်မာပြည် အထက်ပိုင်းမှ ကုန်စည်များကို လက်ခံကိုင်တွယ်နိုင်ရန် မကွေး ဆိပ်ကမ်း၊ ချင်းတွင်းမြစ်တစ်လျှောက်နှင့် တမူး-ကလေး နယ်စပ်မှ ကုန်စည်များအား လက်ခံရန်၊ ကုန်သေတ္တာ လက်ခံကိုင်တွယ်ရန် မုံရွာဆိပ်ကမ်းနှင့် ကလေးဝ ဆိပ်ကမ်းတို့အား တည်ဆောက်ရန် စီစဉ်ထားခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် ပြည်တွင်းဆိပ်ကမ်းများ အနေဖြင့် အဆင့်မြင့် ဆိပ်ကမ်းများအဖြစ် တည်ဆောက်ထားခြင်း မရှိသည့်အတွက် ကုန်သေတ္တာတင် သင်္ဘောများ ဆိုက်ကပ်နိုင်ခြင်း မရှိသေးဟု သိရသည်။
"ပြည်တွင်းဆိပ်ကမ်းတွေက အဆင့်မြင့် ဆိပ်ကမ်းတွေ ဖြစ်လာမယ်ဆိုရင် ပြည်ပက ကွန်တိန်နာ သင်္ဘောတွေ လည်း ဆိုက်ကပ်နိုင်ပြီး ကုန်စည်တင်ပို့မှု ပိုမိုလွယ်ကူ လာနိုင်မယ်။ အအေးခန်း ကွန်တိန်နာတွေကအစ ဆိုက်ကပ်လာနိုင်ရင် ရေထွက်ပစ္စည်းတွေကိုပါ အချိန်မကုန်ဘဲ မြန်မြန်ဆန်ဆန် တင်ပို့နိုင်မှာပါ" ဟု ရေအရင်းအမြစ်နှင့်  မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းလွင်က ပြောကြားသည်။

Eleven

No comments:

Post a Comment