Monday, September 9, 2013

ဒေသတွင်း နိုင်ငံများနှင့်ယှဉ်လျှင် ခေတ်နောက်ကျနေပြီး တိုးပွားလာသည့် မြို့ပြလူဦးရေနှင့် လိုက်လျောညီသည့် အများသုံး ယာဉ်စနစ် မရှိခြင်းအပေါ် ပြည်သူများ ဝေဖန်

8.1.1
ရန်ကုန်မြို့တွင်း ပြေးဆွဲနေသည့် ခရီးသည်တင် ယာဉ်တစ်စီးကို တွေ့ရစဉ် (ဓာတ်ပုံ - အောင်မျိုးသန့်)
ဒေသတွင်း နိုင်ငံများနှင့် ယှဉ်လျှင် ခေတ်နောက်ကျနေပြီး တိုးပွားလာသည့် မြို့ပြလူဦးရေနှင့် လိုက်လျော ညီသည့် အများသုံးယာဉ် ပို့ဆောင်ရေးစနစ် မရှိခြင်းအပေါ် ပြည်သူများက ဝေဖန် လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက အစိုးရ သတင်းစာတွင် ရန်ကုန်တိုင်း ဒေသကြီး အစိုးရအဖွဲ့က စက်တင်ဘာ ၂၂ ရက်နေ့ကို ရန်ကုန်မြို့၌ ကိုယ်ပိုင် မော်တော်ယာဉ်များ မသုံးရနေ့အဖြစ် သတ်မှတ်မည်ဟု ဖော်ပြပြီး နောက် ပိုင်းတွင် ယင်းကဲ့သို့ မြန်မာနိုင်ငံရှိ ခေတ်မမီသည့် အများသုံး ယာဉ်စနစ်အပေါ် ဝေဖန်မှုများ ပိုမို ထွက်ပေါ် လာခဲ့ခြင်းဖြစ်သည်။
“အဆင်မပြေတာတွေ များတယ်။ ကားတွေ ကောင်းလာပေမယ့် လမ်းတွေက မကောင်းဘူး။ ခုနောက်ပိုင်း ကားတွေက အရင်ကားအို ကြီးတွေလောက် မဆိုးတော့ဘူးပြောတာ။ နောက်ပြီးလမ်းတွေသာ မပြင်နိုင်တာ။ လမ်းတွေက ကျပ်မြဲပဲ။ အဓိကကတော့ မြို့တွင်းကနေ ဆင်ခြေဖုံးကို သွားတဲ့လမ်းတွေက ပြင်လည်းခဏပဲ။ နောက်ပြီးလမ်းတွေက မိုးလေး နည်းနည်းရွာတာနဲ့ ရေလျှံပြီ။ အဲဒီအချိန်မျိုးဆိုရင် ဆင်ခြေဖုံးမှာ နေတဲ့သူတွေ အတွက် သိပ်စိတ်ညစ်ရတယ်။ လမ်းတွေကလည်း ပြင်ကတည်းက အရည်အသွေးက မကောင်း၊ လူတွေက စည်းကမ်းမဲ့၊ ကားတွေက တန်ချိန် အပိုတွေတင်၊ မောင်းတဲ့နေရာမှာ စည်းကမ်းကလည်း မရှိ၊ ခရီးသည်တွေက အသက် ဖက်နဲ့ထုပ် ထားရတယ်” ဟု ရန်ကုန်မြို့ ဒဂုံဆိပ်ကမ်းတွင် နေထိုင်သူ မနှင်းဟေမာန်က ပြောကြား သည်။
မြန်မာနိုင်ငံ အနေဖြင့် ဒေသတွင်း နိုင်ငံများဖြစ်သော ထိုင်း၊ စင်ကာပူ၊ မလေးရှား စသည့်နိုင်ငံများ တွင်ရှိသော ခရီးသည်တင် ပို့ဆောင်ဆက်သွယ်ရေး စနစ်နှင့် အစိုးရမှ လုပ်ဆောင်ပေးမှုများဖြင့် နှိုင်းယှဉ်လျှင် များစွာ ကွာခြားမှု ရှိနေသည်ကိုလည်း ကျွမ်းကျင်သူများက ထောက်ပြ ဝေဖန်မှုများ ရှိလာခဲ့သည်။ ရန်ကုန်မြို့တွင် သွားလာနေသူများ အနေဖြင့် အချိန်ကြာမြင့်စွာ ကုန်ဆုံးနေရမှုမှာ ယာဉ်ကြော ကျပ်တောက်မှု၊ ယာဉ်နှင့် လမ်းမမျှမှု၊ မြို့ပတ်ရထားများကို ပြည်သူအများစု အားကိုးနိုင်ခြင်း မရှိမှုကြောင့် ဖြစ်သည်။
“ကားမကောင်းလို့ ရထားစီးမယ် ဆိုတော့လည်း မြို့ပတ်ရထား ကတော့ ရထားမပျောက်ရင် ကောင်းပါတယ်။ ရထားပျောက်တယ် ဆိုတာက ပျက်တာ၊ လမ်းချော်တာတို့၊ နောက်ပြီး ရှေ့ကရထားက လမ်းချော်လို့ ပိတ်နေတာမျိုးတွေပေါ့။ တစ်လမှာတစ်ခါ နှစ်ခါလောက်တော့ ဖြစ်တယ်။ တစ်ခါတလေလည်း ရထားလမ်း ရေကျော်လို့ ရထားသွားမရတော့ဘူး။ ဒါပေမဲ့ စီးရတာ နည်းနည်း စိတ်ချမ်းသာတယ်။ ရထားကျပ်တယ် ဆိုပေမယ့် လိုင်းကားလိုမျိုး မဟုတ်ဘူး။ မြို့ပတ်ရထားလမ်းကို လက်ရှိမှာ ရှိနေတာတွေကို အဆင့်မြင့် နေတာတင် မကဘူး၊ မရှိတဲ့ နေရာတွေကိုလည်း ရထားလမ်းဖောက်ပေး၊ ပြေးပေးသင့်ပါတယ်။ ရထားလမ်း မပေါက်တော့လည်း ကားနဲ့ပဲ ကြိတ်မှိတ်ပြီး သွားပေါ့” ဟု နေ့စဉ် ရန်ကုန်မြို့တွင်းသို့ လာရောက် အလုပ်လုပ်ကိုင်သူ လှိုင်သာယာမှ ကိုကျော်မျိုးက ပြောကြားသည်။
လက်ရှိတွင် ရန်ကုန်မြို့တွင်း ပြေးဆွဲနေသော မထသ လက်အောက်ရှိ ယာဉ်လိုင်းများမှာ စုစုပေါင်း ၁၂၀ ခန့်ရှိပြီး ယာဉ်အစီးရေ ၂၀၀၀ ကျော် ရှိသော်လည်း နေ့စဉ် အများသုံး ယာဉ်များကို အားပြုသွားလာ နေကြသူများမှာ သိန်းနှင့်ချီ၍ ရှိလာသည့်အတွက် ယာဉ်နှင့် ခရီးသည် အချိုးမညီမှုများ ဖြစ်လာခြင်း ဖြစ်သည်။ ထို့ပြင် အစိုးရသစ် လက်ထက်၌ အများပြည်သူ သယ်ယူပို့ ဆောင်ရေး လုပ်ငန်းများကို တိုးတက် ကောင်း မွန်အောင် ဆောင်ရွက်လျက် ရှိနေသော်လည်း လမ်းစနစ်များ ခိုင်မာသည့် မဟာဗျူဟာ စီမံကိန်းများကို ချမှတ်နိုင်ခြင်း မရှိသည့်အတွက် အောင်မြင်ခြင်း မရှိသေးကြောင်းလည်း သိရသည်။ ဒေသတွင်း နိုင်ငံများ ကဲ့သို့လည်း မိုးပျံလမ်းများ၊ မိုးပျံရထား စီမံကိန်းများ မရှိသည့်အတွက် ခရီးသည်များ အနေဖြင့် အများသုံး ဘတ်စ်ကားများကိုသာ အဓိက အားပြုနေကြရသည်။ “ရန်ကုန်မြို့ သယ်ယူပို့ဆောင်ရေး စနစ်ကို ပြောရရင်တော့ ဂျပန်နိုင်ငံက ကားအစီးရေ ၃၀၀၀ ကျော်နဲ့ ပြေးဆွဲဆောင်ရွက်မယ် ဆိုတဲ့ သတင်းတွေ၊ JICA ကလည်း ရန်ကုန်တိုင်း ဒေသကြီးက တာဝန်ရှိသူတွေနဲ့ ပူးပေါင်းပြီး သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို ပြုပြင်ပြောင်းလဲ ဖို့အတွက် မြေပြင်အခြေအနေတွေကို ကွင်းဆင်းလေ့လာ နေတယ်ဆိုတဲ့ သတင်းတွေ၊ နောက်ပြီး ရန်ကုန်မြို့ သယ်ယူ ပို့ဆောင်ရေး အတွက်ကို အာဏာပိုင်အဖွဲ့ ဖွဲ့ပြီးတော့မှ သယ်ယူပို့ဆောင်ရေး စနစ်တွေကို ပြုပြင်ပြောင်းလဲ လာအောင် ဆောင်ရွက်မယ့် သတင်းတွေ၊ အခု ထပ်မံပြီးတော့မှ BRT စနစ်နဲ့ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကို ဆောင်ရွက်ပေးမယ် ဆိုတဲ့ စနစ်တွေကို ကြားသိနေရတာပေါ့။ ဒါပေမဲ့ လက်ရှိစနစ်တွေကို ပြုပြင်ပြောင်းလဲ လာနိုင်တဲ့ အနေအထားကို ရှိသလား ဆိုရင်တော့ မရှိသေးတာကို သွားတွေ့ရတယ်။ အဲဒီအတွက် ခရီးသည်တွေက ပိုပြီးအခက်အခဲတွေကို ကြုံတွေ့နေရတာကို တွေ့ရတယ်။ ရန်ကုန်မြို့ရဲ့ သယ်ယူပို့ဆောင်ရေး အနေအထားမှာ မီးရထားထက် ခရီးသည်တင် ယာဉ်တွေကို ဦးစားပေးပြီး သွားလာနေရတယ်။ အဲဒီ အနေအထားမှာ ခရီးသည်တင် ယာဉ်တွေကို အသစ်လဲလှယ် ပေးနိုင်တဲ့ အလွန်ရာခိုင်နှုန်း နည်းနေသေးတာကို တွေ့ရတယ်။ ဒါကြောင့် လက်ရှိ ကားတွေကို ပြင်ဆင်ပြီးတော့ ပြေးဆွဲနေရတဲ့ အပေါ်မှာ ခရီးသည်တွေ သွားလာစီးနင်း နေကြရတယ်။ အဲဒီလို စီးနင်းနေရ အခုချိန်မှာ ယာဉ်တွေရဲ့ စက်စွမ်းအားတွေ၊ ကြံ့ခိုင်မှုပိုင်း ကျသထက် ကျလာတာကိုပဲ ခရီးသွားတွေက ဒုက္ခခံပြီး စီးနင်းနေရတဲ့အပြင် ကိုယ်ပိုင်ယာဉ်တွေ၊ အငှားယာဉ်တွေကို အဆမတန် တင်သွင်းလာမှု များတဲ့အတွက် ယာဉ်ကြောပိတ်ဆို့ မှုတွေကြောင့် အရင်က နာရီဝက်နဲ့ ရောက်နိုင်တဲ့ ခရီးကို တစ်နာရီ၊ တစ်နာရီခွဲလောက် အချိန်ကြန့်ကြာ နေရတဲ့ ဒုက္ခတွေကိုပါ ထပ်ပြီးကြုံတွေ့ ကြရတယ်” ဟု သယ်ယူပို့ဆောင်ရေး အလုပ်သမား အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက သုံးသပ် ပြောကြားသည်။

ယာဉ်တွေရဲ့ စက်စွမ်းအားတွေ၊ ကြံ့ခိုင်မှုပိုင်း ကျသထက် ကျလာတာကိုပဲ ခရီးသွားတွေက ဒုက္ခခံပြီး စီးနင်းနေရတဲ့အပြင် ကိုယ်ပိုင်ယာဉ်တွေ၊ အငှားယာဉ်တွေကို အဆမတန် တင်သွင်းလာမှု များတဲ့အတွက် ယာဉ်ကြောပိတ်ဆို့ မှုတွေကြောင့် အရင်က နာရီဝက်နဲ့ ရောက်နိုင်တဲ့ ခရီးကို တစ်နာရီ၊ တစ်နာရီခွဲလောက် အချိန်ကြန့်ကြာ နေရတဲ့ ဒုက္ခတွေကိုပါ ထပ်ပြီးကြုံတွေ့ ကြရတယ်...


ရန်ကုန်မြို့အပြင် အခြားပြည်နယ်နှင့် တိုင်းများ၌လည်း အများသုံးယာဉ် ပို့ဆောင်ရေးစနစ် အားကောင်းရန် ပြည်သူများက လိုလားလျက် ရှိကြသည်။ အထူးသဖြင့် မြန်မာနိုင်ငံ၏ မြို့ကြီးတစ်မြို့ ဖြစ်သော မန္တလေးတွင် အများသုံးယာဉ်စနစ် ပီပီပြင်ပြင် ပေါ်ထွက်လာရန်နှင့် မြို့ပတ်ရထား ပို့ဆောင်ရေးလုပ်ငန်း ပြန်လည် ပေါ်ပေါက်လာရန် လိုအပ်ကြောင်း ဝေဖန်သုံးသပ် မှုများလည်း ရှိလာသည်။
“တစ်ဦးချင်း သယ်ယူပို့ဆောင်ရေးဖြစ်တဲ့ ဆိုင်ကယ်၊ စက်ဘီး အသုံးပြုမှု များတာမို့ မြို့တွင်း ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေ၊ မီးရထား ခရီးစဉ်တွေဟာ အသုံးမ၀င် သလောက်ပဲ။ အရင်က မြို့တွင်းအဓိက လမ်းမတွေနဲ့ ဈေးချိုဗဟိုပြု ပြေးဆွဲတဲ့ ဓာတ်ရထားဆိုတာ ရှိခဲ့တယ်။ တကယ်လည်း အသုံးဝင်ခဲ့တယ်။ ခုတော့ ယာဉ်ကြောရှုပ်ထွေး မှုတွေများလာပြီး ဆိုင်ကယ်ပါဝင်တဲ့ ယာဉ်မတော်တဆ မှုကြောင့် နှစ်ရက်ကို တစ်ဦးနှုန်းလောက် သေဆုံးနေတယ်” ဟု မန္တလေးမြို့ခံ တစ်ဦးက ဆိုသည်။
“အရင်က မန္တလေး-မတ္တရာ မီးရထား ခရီးစဉ်ကို နန်းတွင်းထဲကနေဖြတ်ပြီး ပြေးဆွဲတယ်။ ၁၉၉၀ လောက်မှာ နန်းတွင်းထဲကနေ ပြေးဆွဲခြင်း မပြုတော့ဘဲ အရှေ့ မြို့ပတ်ရထား၊ အနောက်မြို့ပတ် ရထားဆိုပြီး ရထားနှစ်စင်း ပြေးဆွဲဖူးတယ်။ ၁၉၉၅-၉၆ ခုနှစ် လောက်မှာ အနောက်မြို့ပတ် ရထားလမ်းကို ဖျက်သိမ်းလိုက်ပြီး မြို့ပတ်ရထား ပြေးဆွဲခြင်းကိုလည်း ရပ်နားခဲ့တယ်” ဟု မြို့ခံအသက် ၆၀ အရွယ် ဦးကျော်ညွန့်က ပြောကြားသည်။
မန္တလေးမြို့တွင် သယ်ယူပို့ဆောင်ရေးနှင့် သွားလာရေးအတွက် မြို့တွင်း ပြေးဆွဲနေသော ဘတ်စ်ကား လိုင်း များမှာ နံပါတ်စဉ် ၁ မှ ၃၈ အထိရှိပြီး ယင်း ၃၈ လိုင်း အတွင်း၌ မှန်လုံယာဉ်ဖြင့် ပြေးဆွဲသော ယာဉ်လိုင်း တစ်လိုင်းသာ ပါဝင်ကာ အများစုမှာ ဒိုင်နာများ၊ လိုက်ထရပ်ကားများ အသုံးပြု ပြေးဆွဲလျက်ရှိပြီး ယခုအခါ အဆင့်မြင့် အငှားယာဉ် လိုင်းများလည်း တိုးချဲ့ပြေးဆွဲ လျက်ရှိကြောင်း သိရသည်။
ယာဉ်ကြော ပိတ်ဆို့မှုကြောင့် ပြည်သူများ သွားလာရေး အခက်အခဲ အဆင်မပြေ ဖြစ်နေသည့် အချိန်တွင် မြို့ပတ်ရထားများ အပေါ် ပိုမိုအားပြု လာသော်လည်း နိုင်ငံတကာနှင့်ယှဉ်လျှင် အဆင်မပြေမှုများ ရှိနေခြင်း၊ ပြေးဆွဲနေသည့် ရထားအစင်းရေ နည်းပါးနေသေးခြင်း၊ အချိန်မမှန်ခြင်း များကြောင့်လည်း ပြည်သူများ အနေဖြင့် အခက်အခဲများနှင့် ရင်ဆိုင်ကြရသည်။
ရန်ကုန်မြို့ခံ တစ်ဦးဖြစ်သူ ကုမ္ပဏီဝန်ထမ်း မမြမြသွေးကလည်း “ရထားကို ခေါက်ရေများများ ပြေးဆွဲပေး လာမယ်ဆိုရင် ခရီးသွားတွေ အတွက် အနည်းငယ်တော့ အဆင်ပြေ သွားလိမ့်မယ်လို့ ယူဆရပါတယ်။ အဓိက ကလည်း ခရီးသွားတွေက ကားနဲ့သွားတာထက်ကို ရထားနဲ့က ဈေးနှုန်းကုန်ကျမှု သက်သာသလို အချိန်အများကြီး ဆုံးရှုံးမှု သက်သာ လာတယ်လေ။ ရထားက လမ်းပိတ်ဆို့မှု မရှိတော့ အချိန်မီ သွားနိုင်လာတယ်။ နောက်တစ်ခုက ယာဉ်လုပ်သားတွေနဲ့ ခရီးသည်တွေကြားက ပြဿနာတွေလည်း ရင်ဆိုင် စရာ မလိုတော့ဘူး။ ရထားက ရာခိုင်နှုန်း တချို့တစ်ဝက်လောက် အဆင်ပြေသွားမယ်လို့ ယူဆတယ်။ အခု အကောင်အထည်ဖော် ဆောင်ရွက်လာမယ့် တကယ့် စစ်မှန်တဲ့ BRT စနစ်နဲ့ ပြေးဆွဲပေးနိုင်မယ်။ မြေအောက် ရထားလမ်းတွေကို ဖော်ထုတ်ပြီးတဲ့အခါ မီးရထား သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေကိုလည်း တိုးချဲ့ပြီး အဆင်ပြေအောင် ဆောင်ရွက် ပေးလာမယ့် အချိန်ကျရင်တော့ ရန်ကုန်မြို့ ခရီးသွားတွေအတွက် အဆင်ပြေ မယ် ချောမွေ့သွား နိုင်မယ်လို့ ယူဆရပါတယ်” ဟု သုံးသပ် ပြောကြားသည်။
လက်ရှိ ပြေးဆွဲနေသော မြို့ပတ်ရထားများ၏ အခြေအနေနှင့် ပတ်သက်ပြီး ရန်ကုန်ဘူတာကြီးမှ ဒုမန်နေဂျာ တစ်ဦးကလည်း “မြို့ပတ်ရထားကို တွဲဆိုင်း ၂၁ ဆိုင်းနှုန်း၊ ခေါက်ရေ ၂၀၀ နှုန်းနဲ့ နေစဉ် ပြေးဆွဲပေးနေတယ်။ ရထားထွက်တဲ့ အချိန်က ပုံသေတော့မရှိဘူး။ မနက်ရုံးတက်ချိန်၊ အလုပ်သွားချိန် တွေမှာ စိပ်တတ်ပြီး ညနေရုံးဆင်း ချိန်တွေမှာလဲ ရထားထွက်တာ စိပ်တယ်။ ယာဉ်ကြော ကျပ်တည်းတာတွေ အရင်ထက် ပိုဆိုး လာတဲ့အတွက် မြို့ပတ်ရထားမှာ ခရီးသည်တွေတော့ ပိုများလာတယ်” ဟု ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ပို့ဆောင်ဆက်သွယ်ရေး ကဏ္ဍတွင် လိုအပ်ချက်များ ရှိနေခြင်းမှာ ပြည်သူများ၏ နေ့စဉ် လူနေမှုဘ၀ကို များစွာသက်ရောက်မှု ရှိနေပြီး မိသားစုဘ၀ အတွက် ပင်ပန်းစွာ ပိုမိုလှုပ်ရှား ရုန်းကန်နေကြရ ခြင်းလည်း ဖြစ်သည်။ ထို့အတွက် မြန်မာနိုင်ငံ၏ အများသုံး ယာဉ်စနစ် အလျင်အမြန် ပြုပြင်နိုင်ရန် အတွက်လည်း နယ်ပယ်အသီးသီးမှ ၀ိုင်းဝန်းတောင်းဆိုမှုများ ပြုလုပ်လာကြသည်။
၈၈ ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်းမှ မမာမာဦးကလည်း “ကားတွေကျပ်တာ၊ ရထားတွေ အချိန် မမှန် တာတွေက လူတန်းစား အလွှာအသီးသီးအတွက် အခက်အခဲ ဖြစ်စေတယ်။ ၀န်ထမ်း ဆိုရင်လည်း ကားကျပ်တာ တွေကြောင့် အလုပ်နောက်ကျတယ်။ လုပ်ငန်းခွင် အဆင်မပြေမှုတွေကို ကြုံတွေ့နေရတယ်။ ခုံးကျော်တံတားတွေ ဆောက်ပြီးသွားရင်လည်း နောက်တစ်နေရာမှာ ယာဉ်ကြော ကျပ်လာတယ်။ ၀င်လာတဲ့ ကားတွေနဲ့ ရှိနေတဲ့ လမ်းတွေက အဆင့်သင့်မဖြစ်ဘူး။ မလုံလောက်ဘူး။ တံတားတွေဆောက်၊ လမ်းတွေဖောက် တာတွေချည်း လုပ်မနေဘဲ ရှိပြီးသားလမ်းကို ချဲ့ဖို့လိုတယ်” ဟု ပြောကြားသည်။

Eleven

No comments:

Post a Comment