Monday, September 30, 2013

ရန်ကုန်မြို့တော်၏ ရေပေးဝေမှုစနစ် အရေးပေါ် ဖွံ့ဖြိုးရန်အတွက် ဂျပန်နိုင်ငံမှ ယန်းသန်း ၁၉၀၀ ကူညီမည်

ရန်ကုန်မြို့၏ ရေပေးဝေရေးစနစ် အရေးပေါ် ဖွံ့ဖြိုးရန်အတွက် ဂျပန်နိုင်ငံမှ ယန်းသန်း ၁၉၀၀ ကူညီပေး မည်ဖြစ်ကြောင်း သိရသည်။
ယင်းသို့ ကူညီရန်အတွက် လက်မှတ်ရေးထိုးခြင်း အခမ်းအနားကို စက်တင်ဘာ ၂၈ ရက် ညနေ ၃ နာရီက ရန်ကုန်မြို့တော်ခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယင်းအခမ်းအနားတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဥက္ကဋ္ဌ ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်နှင့် ဂျပန်မှ ကူညီငွေအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA Mynmar Office) ၏ Chief Representative ဖြစ်သူ Mr. Masahiko TANAKA တို့ သဘောတူ လက်မှတ် ရေးထိုးခဲ့ကြသည်။

ယင်းကူညီငွေ ယန်းသန်း ၁၉၀၀ မှာ ကမ္ဘာအေးစေတီလမ်း တစ်လျှောက်ရှိ အချင်း ၄၂ လက်မရှိ ရေပို့ပိုက်လိုင်း အစားထိုးရန်၊ ညောင်နှစ်ပင် အမှတ်(၁) ရေတွန်းစက်ရုံ တည်ဆောက်ရန်နှင့် ရန်ကင်းမြို့နယ်အတွင်း အပိုင်းလိုက် ရေပေးဝေရေးစနစ် စတင်ရန်တို့အတွက် သုံးစွဲရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ကူညီငွေမှာ လုံးဝကူညီထောက်ပံ့ငွေဖြစ်ပြီး ပြန်ဆပ်ရန် မလိုကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပြသည်။

ကူညီငွေအတွက် လက်မှတ်ရေးထိုးခဲ့ပြီး ဖြစ်သောကြောင့် ကူညီမှု လုပ်ငန်းများ စတင်မည်ဖြစ်ပြီး လာမည့် ၂၀၁၅ တွင် ပြီးစီးရန် မျှော်မှန်းထားကြောင်း သိရသည်။

တစ်ဖက်တွင် ဂျပန်အစိုးရမှ ကူညီထောက်ပံ့ငွေများ ပေးသည့်နည်းတူ တစ်ဖက်တွင်လည်း နည်းပညာပိုင်း ဆိုင်ရာအတွက် အင်ဂျင်နီယာနှင့် ၀န်ထမ်းများကိုလည်း နိုင်ငံရပ်ခြားသို့ ခေါ်ယူသင်တန်း ပေးမှုများလည်း ပြုလုပ်နေကြောင်း သိရသည်။

ဂျပန်အစိုးရမှ ယန်းသန်း ၁၉၀၀ ထောက်ပံ့ရာတွင် သုံးနှစ်ခွဲ၍ ထောက်ပံ့သွားမည်ဖြစ်ပြီး ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ယန်းသန်း ၇၆၀၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ယန်းသန်း ၁၀၂၀ နှင့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ယန်းသန်း ၁၂၀ သန်းတို့ကို ထောက်ပံ့သွားမည်ဖြစ်ကြောင်း စက်တင်ဘာ ၁၂ ရက်တွင် ပြုလုပ်ခဲ့သည့် ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဆဋ္ဌမပုံမှန် အစည်းအဝေးတွင် ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားထားသည်။

ရန်ကုန်မြို့တော်တွင် နေထိုင်သည့် လူဦးရေ၏ ၆၅ ရာခိုင်နှုန်းကိုသာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မတီမှ ရေပေးဝေနိုင်သေးပြီး ရေလုံလောက်စွာ ပေးဝေနိုင်ရန် အနာဂတ် ရေပေးဝေရေး စီမံကိန်းများကို အကောင်အထည် ဖော်နေရာ ရန်ကုန်အရှေ့ပိုင်း ဒဂုံမြို့သစ် ၄ မြို့နယ် အပါအ၀င် သီလ၀ါ အထူးစီးပွားရေးဇုန် တို့ကိုပါ ရေပေးဝေမည့် လဂွန်းပြင် ရေပေးဝေရေး စီမံကိန်းအတွက် ဖြစ်နိုင်ခြေလေ့ လာမှုများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။
Eleven Media Group

No comments:

Post a Comment