Friday, October 11, 2013

အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်သည် အလုပ်သမားများ၏ စားဝတ်နေရေးကို ဖူလုံစေပြီး အလုပ်ရှင်များ ဘက်က ပေးနိုင်သည့် လုပ်ခလစာဖြစ်ရန် လိုအပ်

အနည်းဆုံး အခကြေးငွေ ဥပဒေအရ သတ်မှတ်ရန် စီစဉ်နေသည့် အလုပ်သမား တစ်ဦး၏ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ချက်သည် အလုပ်သမားများ၏ စားဝတ်နေရေးကို ဖူလုံစေပြီး အလုပ်ရှင် များဘက်က ပေးနိုင်သည့် လုပ်ခလစာဖြစ်ရန် လိုအပ်ကြောင်း သုတေသန ပညာရှင် ဒေါက်တာဇော်ဦး ၏ ပြောကြားချက်အရ သိရသည်။

အောက်တိုဘာ ၁၀ ရက်က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊ ပင်လုံအလုပ်သမား လေ့ကျင့်ရေး သင်တန်းကျောင်းတွင် ပြုလုပ်သည့် အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးနှင့် စပ်လျဉ်း၍ အလုပ်သမား ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးပွဲတွင် ယခုလို ပြောကြားခဲ့ခြင်း ဖြစ်သည်။

သုတေသန ပြုချက်အရ အလုပ်သမား တစ်ဦး၏ အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ် ရာတွင် မြင့်တက် သွားပါက ကုန်ဈေးနှုန်း မြင့်တက်ခြင်း၊ ငွေကြေး ဖောင်းပွမှုများ ဖြစ်ပေါ်နိုင်ခြင်း၊ အခြားနိုင်ငံ များနှင့် နှိုင်းယှဉ်ပါက လုပ်အားခ သက်သာမှု မရှိသည့်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ၀င်ရောက်မှု အားနည်းခြင်း၊ အချို့အလုပ်ရှင်များက လုပ်အားခ ပေးချေနိုင်ခြင်း မရှိသည့်အတွက် လုပ်သားလျော့ ချခြင်း ပြဿနာတို့ကို ကြုံတွေ့ရမည် ဖြစ်ကြောင်း သိရသည်။

''ထိုင်းမှာဆိုရင် အလုပ်သမား တစ်ဦးရဲ့ အနိမ့်ဆုံး လုပ်ခလစာကို ဘတ် ၃၀၀ အဖြစ် တစ်ပြေးညီ သတ်မှတ်လိုက်တယ်။ အဲဒီအတွက် တတ်နိုင်တဲ့ အလုပ်ရှင်တွေက ဘတ် ၃၀၀ ပေးနိုင်ပေမယ့် တချို့ အလုပ်ရှင်တွေက ဘတ် ၃၀၀ မပေးနိုင်ဘူး။ အဲဒါကြောင့် အလုပ်သမား လျော့ချတာတွေ စသဖြင့် ပြဿနာတွေ ရှိလာတယ်။ ဒါကြောင့် အနိမ့်ဆုံး လုပ်ခလစာကို အလုပ်ရှင်ရော နှစ်ဖက်စလုံး အဆင်ပြေမယ့် လုပ်ခလစာမျိုးကို သတ်မှတ်နိုင်ဖို့ လိုတယ်'' ဟု သုတေသန ပညာရှင် ဒေါက်တာဇော်ဦး က ပြောကြားသည်။

အနိမ့်ဆုံး လုပ်ခလစာ သတ်မှတ်ရာတွင် အလုပ်သမားများနှင့် ယင်းတို့မိသားစု၏ လိုအပ်ချက်များ၊ လက်ရှိလုပ်အားခများ၊ လူမှုဖူလုံရေး အကျိုးခံစားခွင့်များ၊ စားဝတ်နေရေး၊ ကုန်ကျစရိတ်များ၊ လိုက်လျောညီထွေမှု ရှိမည့် လူနေမှု အဆင့်အတန်း၊ ကုန်ဈေးနှုန်း အပြောင်းအလဲ နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအား တိုးတက်မှု အခြေအနေ စသည့် အချက်များအပေါ် အခြေခံ၍ သတ်မှတ်သင့်ကြောင်း သိရသည်။

လက်ရှိတွင် အခြားနိုင်ငံများ၌ အလုပ်သမား တစ်ဦးရရှိမည့် အနိမ့်ဆုံး လုပ်ခလစာကို နာရီလိုက် သို့မဟုတ် ရက်အလိုက် သို့မဟုတ် ရက်သတ္တပတ်အလိုက် သို့မဟုတ် လအလိုက် အသီးသီး သတ်မှတ် ထားပြီး မြန်မာနိုင်ငံတွင် အလုပ်သမား တစ်ဦး၏ အနိမ့်ဆုံး လုပ်ခလစာ မည်မျှဖြစ်သင့်သည်၊ မည်သို့ သတ်မှတ်သင့်သည်ကို အလုပ်ရှင်နှင့် အလုပ်သမား ကိုယ်စားလှယ်များ ဆွေးနွေးသွား မည် ဖြစ်ကြောင်း သိရသည်။

Eleven

No comments:

Post a Comment