Monday, October 14, 2013

ပဲခူးတိုင်းဒေသကြီး၌ အမျိုးသမီးတစ်ဦး ခေါင်းဖြတ်အသတ်ခံရမှု၊ န၀ဒေး တံတားအောက် လူသတ် ပစ္စည်း လုယူမှု၊ ဗုံးပေါက်ကွဲမှုနှင့် ခရီးသည်တင် ယာဉ်ပေါ်တွင် ဗုံးတွေ့ရှိမှု စသည့်ဖြစ်စဉ်များ ကိုးလအတွင်း ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူများကို ဖမ်းဆီးရမိခြင်း မရှိသေး

၁၄.၁၀.၂၀၁၃၊ တနင်္လာနေ့
၂၀၁၃ ခုနှစ်အတွင်း ပဲခူးတိုင်း ဒေသကြီး၌ အမျိုးသမီးတစ်ဦး ခေါင်းဖြတ်ခံရသည့် ဖြစ်စဉ်၊ န၀ဒေး တံတားအနီး လူသတ် ပစ္စည်းလုခဲ့သည့် ဖြစ်စဉ်၊ ခရီးသည်တင် ယာဉ်ပေါ်တွင် ဗုံးတွေ့ရှိမှု ဖြစ်စဉ်နှင့် ဗုံးပေါက်ကွဲမှု စသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သော်လည်း ကျူးလွန်သူများကို ယခုထိ ဖော်ထုတ်နိုင်သေးခြင်း မရှိသေးကြောင်း သက်ဆိုင်ရာ တာဝန်ရှိသူများအား စုံစမ်းချက်များအရ သိရသည်။
ယင်းကဲ့သို့ ဖြစ်ပွားမှုကြောင့် ယခုလက်ရှိ အချိန်တွင် ပဲခူးတိုင်းဒေသကြီး၌ လုံခြုံရေးကို တပ်မတော်၊ ရဲတပ်ဖွဲ့နှင့် သက်ဆိုင်ဌာနတို့ ပူးပေါင်းဆောင်ရွက်နေကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းက အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်း တွင် ပြောကြားသည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ဖြစ်ပွားခဲ့သော မှုခင်းများအနက် ပြည်သူများ စိတ်ဝင်စားမှုနှင့် ကြောက်ရွံ့ ထိတ်လန့်မှု ဖြစ်စေခဲ့သည့် ဖြစ်စဉ်အချို့မှာ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၉ နာရီတွင် ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ဇဟားကျေးရွာ ရန်ကုန်-မန္တလေး (ပုံမှန်)ကားလမ်း မိုင်တိုင်အမှတ် ၁၃၉/၁ နှင့် ၁၃၉/၂ အကြားရှိ တံတားအမှတ် ၁၄၀/၁ ဇဟားချောင်းတံတားအောက် အနောက်ဘက်ကမ်းစပ် တစ်နေရာတွင် ပီနံအိတ်ကြီး တစ်လုံးအတွင်း အနက်ရောင် ကြွပ်ကြွပ်အိတ်ဖြင့် ထုပ်ထားသော ဦးခေါင်းပြတ် (ဦးခေါင်းမပါ) အသက် ၂၀ ၀န်းကျင်ခန့် အမည်မသိ အမျိုးသမီးတစ်ဦး၏ အလောင်းကို တွေ့ရှိခဲ့ရကြောင်း သိရသည်။
ထို့နောက် ဦးခေါင်းအား ဆက်လက်ရှာဖွေရာ ညနေ ၃ နာရီတွင် မိုင်တိုင်အမှတ် ၁၃၈/၂ မှ ၁၃၈/၃ ကြား ရန်ကုန်- မန္တလေး ကားလမ်းနှင့် ရထားလမ်းကြား ကွင်းပြင်ထဲတွင် ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။
ပြည်န၀ဒေး တံတားအနီး စုံတွဲတစ်တွဲထံမှ လုယက်ပြီး လူသတ်မှု ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်မှာ ၂၀၁၃ ခုနှစ် ဧပြီ ၂၃ ရက် ည ၈ နာရီခန့်တွင် အဆိုပါ တံတားအနီး စုံတွဲတစ်တွဲထံမှ ပစ္စည်းအချို့ လုယက်ခဲ့ပြီး ၎င်းစုံ တွဲမှ ယောကျာ်းလေးဖြစ်သူ အသတ်ခံခဲ့ရခြင်း ဖြစ်သည်။
ယင်းဖြစ်စဉ်တွင် အသက်မသေဘဲ ကျန်ရစ်ခဲ့သူ မအိဇင်မိုက ၎င်းကိုယ်တိုင် မျက်မြင်တွေ့ရှိ ရမှုမှ လူသတ်မှု ကျူးလွန်ခဲ့သူမှာ တပ်မတော် သားများဖြစ်ကြောင်း သိရသည်။
သို့သော် အောက်တိုဘာ ၁ ရက်တွင် ပြည်မြို့အထွက် ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒ.က.စ) ဧည့်ရိပ်သာ တွင် တပ်မတော်ဘက်မှ ယင်းဖြစ်စဉ်တွင် ကျူးလွန်ခဲ့သူများမှာ တပ်မတော်သားများ မဟုတ်ကြောင်း ပြန်လည် ရှင်းလင်း ခဲ့သည်ဟု သိရသည်။
"စစ်ဘက်က အရာရှိ တစ်ဦးက ဒီတပ်မတော်သား သုံးဦးပာာ အဲဒီနေ့က အရက်နဲ့ဘီယာ သောက်ခဲ့တဲ့ အကြောင်း၊ ဖြစ်စဉ်ဖြစ်အပြီး တန်းစီးချိန် ည ၉ နာရီမှာလည်း ရှိနေခဲ့ကြောင်း၊ ပြစ်မှုကျူးလွန် ခံရသူ အသက် မသေဘဲ ကျန်ရစ်သူ မအိဇင်မိုကို၏ ထွက်ဆိုချက်အရ တရားခံ၏ ပါးစပ်တွင် အရက်နံ့ နံမနေခဲ့ ကြောင်း စသဖြင့် သူတို့ပြန်လာတဲ့ လမ်းကြောင်းနဲ့တကွ ရှင်းပြတယ်။ နိဂုံးချုပ်မှာ တရားခံဟာ သူတို့ တပ်သားသုံးဦး မဟုတ်ကြောင်း ပြောပါတယ်။ လက်ရှိမှာလည်း ဒီတပ်သား သုံးဦးကို တပ်တွင်းစည်းကမ်း ဖောက်ဖျက်မှု ဥပဒေအရ တပ်တွင်းထောင်သုံးလ ကျခံစေပြီး ဖြစ်တယ်လို့ ပြောတယ်။ ဒီဖြစ်စဉ်နှင့် ပတ်သက်ပြီး တရားလိုဘက်မှ ခိုင်လုံချက်ကြီးကြီးမားမား ပြနိုင်မှသာလျှင် အရပ်ဘက်ကို ဒီစစ်သားသုံးဦးကို လွှဲပြောင်းပေးနိုင်မယ်လို့ ပြောပါတယ်။ ကျွန်မတို့က DNA ကိစ္စကို မေးတဲ့အခါမှာလည်း DNA ကိစ္စဟာ ရဲဘက်ကို အပ်ခဲ့တဲ့အကြောင်း သူတို့ဆီမှာ ထားလို့ရှိရင် လှဲလှယ်တယ်လို့ အထင်ခံရမှာ စိုးတဲ့အတွက် ဖြစ်ကြောင်း ပြန်ပြီးပြောပါတယ်" ပာု သေဆုံးသူ၏ အစ်မဖြစ်သူ မသီတာဦးက ခေါ်ယူတွေ့ဆုံမှုနှင့် ပတ်သက်၍ ပြောကြားသည်။
၎င်းကပင် ဆက်လက်၍ "ရှင်းလင်းပွဲအပြီး ပြန်ခါနီးမှာ ကျွန်မတို့ မိသားစုကို ရဲကနေပြီး DNA ကို သူတို့ ဆီမှာ ရှိတဲ့အကြောင်း၊ သိမ်းဆည်းထားကြောင်း၊ ပြည်မြို့မှာ DNA စစ်တဲ့ဖြစ်စဉ် တစ်ခါမှ မရှိခဲ့ဘူး ကြောင်းနဲ့ DNA စစ်တယ်ဆိုတာ ငွေကြေးအမြောက်အမြား ကုန်ကျမှာ ဖြစ်တဲ့အတွက် လတ်တလောမှာ မစစ်နိုင်သေးတဲ့အကြောင်း ပြောပါတယ်။ ကျွန်မတို့ကို DNA စစ်မယ်ဆိုတုန်းက တစ်ပတ်အကြာမှာ သိရမယ်ဆိုတာ အခု ငါးလကျော် ကြာနေတာတောင် အဖြေဘာမှ မသိရဘူး။ ဒါကြောင့်မို့လို သူတို့ သိမ်းဆည်းထားတယ်ဆိုတဲ့ အချက်အလက်တွေကို အမြန်ဆုံး စစ်ဆေးအဖြေရှာပေးဖို့ လိုလားပါတယ်" ပာု ဆိုပါသည်။ ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သူ ပဲခူးတိုင်းဒေသကြီး နယ်စပ်နှင့် လုံခြုံရေးရာဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းကလည်း ယခုဖြစ်စဉ်ကို သေချာမသိရှိ ထားကြောင်းနှင့် စစ်ဘက်နှင့် ရဲဘက်ပူးပေါင်းပြီး ဖြစ်စဉ်အား ထပ်မံစစ်ဆေး ပေးမည်ဟု အဆိုပါ တွေ့ဆုံပွဲ၌ ပြောကြားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်အား ဆက်စပ်ဖော်ထုတ်မှုနှင့် အရေးယူမှု အခြေအနေကို မေးမြန်းရာ ပြည်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး ၀င်းအောင်က "ဒါနဲ့ ပတ်သက်ပြီးတော့ CID ကို ဧပြီ ၃၀ ရက်က လွှဲထားတယ်။ ဒါကြောင့် ဘယ်လိုဆက်လက် ဆောင်ရွက်လည်းဆိုတာ မသိရသေးပါဘူး" ဟု အောက်တိုဘာ ၁၂ ရက် မွန်းလွဲပိုင်းက ပြောကြားခဲ့သည်။
အဆိုပါ ဖြစ်စဉ်နှစ်ခုကို ပြည်ရဲစခန်း (ပ) ၂၉၄/၂၀၁၃၊ ပုဒ်မ- ၃၀၂၊ ၃၂၅၊ ဖြူးရဲစခန်း (ပ) ၃၆/၂၀၁၃၊ ပုဒ် မ- ၃၀၂ ဖြင့် အမှုဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
ယင်းဖြစ်စဉ်များ ဖြစ်ပွားပြီးနောက် အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် ဖြူးမြို့နယ် ဆက်သွယ်ရေး လုပ်ငန်းရှေ့ ရန်ကုန်-မန္တလေးလမ်းညောင်း မိုင်တိုင်အမှတ် ၁၄၂/၆ တွင် လိုက်ထရပ်ခရီးသည် ယာဉ်ပေါ်မှ ပလတ်စတစ် အိတ်အတွင်း ထည့်ထားသည့် လက်လုပ်ဗုံး တစ်လုံးကို တွေ့ရှိခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ ဖြူးမြို့မ ရဲစခန်းမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်းက "ဖြူးမှာဗုံးတွေ့တာနဲ့ ပတ်သက် ပြီးတော့ စစ်ဆေးနေတုန်းပါပဲ။ အခုရက်ပိုင်း ပဲခူးတိုင်းဒေသကြီးမှာ ဗုံးတွေ့တာ၊ ဗုံးပေါက်ကွဲ တာတွေနဲ့ ပတ်သက်ပြီးတော့ အမြန်ဆုံး ဖော်ထုတ်နိုင်ဖို့ နယ်မြေခံ ရဲတပ်ဖွဲ့နဲ့ CID တို့ ပူးပေါင်းပြီးတော့ ဆောင်ရွက်နေပါတယ်" ဟု ပြောကြားခဲ့သည်။
ဖေဖော်ဝါရီလ ၁၄ ရက်က ဖြူးမြို့နယ်တွင် အမျိုးသမီးတစ်ဦး ခေါင်းဖြတ်လူသတ်မှုနှင့် ပတ်သတ်၍ "တချို့အမျိုးသမီးတွေဆိုရင် မှတ်ပုံတင် လုပ်မထားတဲ့အတွက် လက်ဗွေရာ စစ်ဆေးတဲ့အခါ အဆင်မပြေလို့ အခုဘယ်သူဘယ်ဝါ သေဆုံးတယ် ဆိုတာကို စစ်ဆေးနိုင်ဖို့ တိုင်းနဲ့ပြည်နယ် အသီးသီးက အသက် ၂၀ ကနေ ၃၀ ကြား အမျိုးသမီး လူပျောက်တိုင်တန်းတာတွေ ရှိမရှိကို တောင်းခံထားပါတယ်။ တရားခံရဲ့လမ်းစ ကို ရှာနိုင်ဖို့အတွက် လမ်းကြောင်းနှစ်ကြောင်းနဲ့ ဆောင်ရွက်နေပါတယ်" ဟု ဖြူးမြို့မ ရဲစခန်းမှ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးသန်းက အောက်တိုဘာ ၁၂ ရက် ညနေပိုင်းက ဆက်လက်ပြောကြားခဲ့သည်။
ယင်းကဲ့သို့ ဗုံးတွေ့ရှိခဲ့ပြီးနောက် ၂ ရက်အကြာတွင် တောင်ငူမြို့ ၁၇ ရပ်ကွက်၊ ကန်လမ်းရှိ ချမ်းမြေ့ ဧည့်ရိပ်သာ တွင် ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ရာ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ သေဆုံးခဲ့ပြီး အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပေါက်ကွဲမှု ဖြစ်စဉ်နှင့် ပတ်သက်၍ "အခုလက်ရှိ အချိန်မှာ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ဖော်ထုတ်နိုင်ဖို့ အတွက် အဖွဲ့တွေခွဲပြီးတော့ ဆောင်ရွက်နေတယ်။ ပဲခူးတိုင်းဒေသကြီး တစ်ခုလုံးမှာတော့ တပ်ရောရဲ တပ်ဖွဲ့ရော လုံခြုံရေး အပြည့်ချပြီး အထူးတင်းကျပ် ထားပါတယ်" ဟု ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်းက ပြောကြားခဲ့သည်။
"ကျွန်တော့်အမြင် အရတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့လည်း ဆိုင်တယ်။ လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေး သမား နည်းနည်းပဲပါပြီး ခိုးဆိုးနှိုက် ဒုစရိုက်သမားတွေ အများကြီး ပါနေတယ်။ အဲဒီလူတွေက အပြင်ကို ရောက်လာပြီး အလုပ်အကိုင်က အဆင်မပြေတော့ သူကျင်လည်ခဲ့တဲ့ ခိုးဆိုးနှိုက် လုပ်ငန်းတွေပဲ ပြန်လုပ် ကြတာပေါ့၊ မြန်မာတစ်ပြည်လုံးမှာ အခုလို ခိုးဆိုးနှိုက်တွေ များလာတော့ လူသတ်မှုတွေ၊ လုယက်မှုတွေ၊ မုဒိမ်းမှုတွေ စတဲ့မှုခင်းတွေ အဖြစ်များနေတာပဲ ဖြစ်တယ်၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး အပိုင်းတွေလည်း ပါတာပေါ့။ အဓိက ပညာရေး အဆင့်အတန်း ထိန်းကွပ်မှု မရှိဘူးပေါ့၊ နောက်ဆုံးတော့ လူတွေက ဆင်ခြင်တုံတရား မရှိတော့ပဲနဲ့ အခုလို မလိုလားအပ်တဲ့ မှုခင်းဒုစရိုက်တွေ ခဏခဏ ဖြစ်ပွားနေရတာပါ" ဟု တောင်ငူမြို့နေ ဒုရဲမှူး အငြိမ်းစား ဦးစံလှက ဆိုသည်။
အောက်တိုဘာ ၁၁ ရက် ညပိုင်းတွင် တောင်ငူမြို့၌ ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ အများပြည်သူ သိသင့်သည့် အကြောင်းအရာများနှင့် ပတ်သက်၍ သိရှိနိုင်ရန် ပဲခူးတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မြ၀င်းအား ဖုန်းဖြင့် အောက်တိုဘာ ၁၂ ရက်တွင် အကြိမ်ပေါင်းများစွာ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း အစည်းဝေး လုပ်နေသည်ဟုသာ ပြန်လည်ဖြေကြား ခဲ့သည်။
EMG

No comments:

Post a Comment