ယခုအခါ အသက်(၁၆)နှစ် ရှိပြီဖြစ်သည့် ကျောင်းသူလေးသည် ပါကစ္စတန်တွင်
တာလီဘန်တို့ ကြီးစိုးမှုကို ဆန့်ကျင်ပြီး မိန်းကလေးများ ပညာသင်ခွင့်အတွက်
စည်းရုံး ဆော်ဩမှုကြောင့် တာလီဘန်တို့၏ သတ်ဖြတ်ရန် အားထုတ်မှု နှစ်ကြိမ်နှင့်
ရင်ဆိုင်ခဲ့ရ
မိမိတို့ အနေဖြင့် အခွင့်အရေးရလျှင် မာလာလာ ယူဆွတ်ဖ်ဇိုင်ကို လုပ်ကြံရန်
အားထုတ်ဦး မည်သာ ဖြစ်ကြောင်း ပါကစ္စတန် တာလီဘန်တို့က ပြောကြားလိုက်သည်။
ယခုအခါ အသက်(၁၆)နှစ် ရှိပြီဖြစ်သည့် ကျောင်းသူလေးသည် ပါကစ္စတန်တွင်
တာလီဘန်တို့ ကြီးစိုးမှုကို ဆန့်ကျင်ပြီး မိန်းကလေးများ ပညာသင်ခွင့်အတွက်
စည်းရုံး ဆော်ဩမှုကြောင့် တာလီဘန်တို့၏ သတ်ဖြတ်ရန် အားထုတ်မှု နှစ်ကြိမ်နှင့်
ရင်ဆိုင်ခဲ့ရသည်။ ဒုတိယအကြိမ် အားထုတ်မှုတွင် မာလာလာ၏ ခေါင်း ကို သေနတ်ဖြင့်
ပစ်ခတ်ခြင်း ခံရသော်လည်း အသက်မသေဘဲ ဗြိတိန်တွင် ဦးခေါင်းခွံ အစားထိုး
ကုသမှု ခံယူကာ ယခုအခါ ပြန်လည် ကျန်းမာနေပြီ ဖြစ်သည်။ ယင်းလုပ်ကြံမှု
ဖြစ်ပွားချိန်က မာလာလာ၏ အသက် မှာ (၁၅)နှစ်သာ ရှိသေးသည်။
တစ်နှစ်ကျော်မျှ ကြာမြင့်သည့်နောက် သူမ၏ ဇာတိဒေသဖြစ်သည့် ဆွက်တောင်ကြားတွင်
လှုပ်ရှားနေဆဲဖြစ်သော တာလီဘန်တို့က မာလာလာသည် အစ္စလာမ် ဘာသာရေး၏
အဆုံးအမများကို ဆန့်ကျင် စော်ကားကြောင်း စွပ်စွဲခဲ့ပြီး မိမိတို့၏
ပစ်မှတ်အဖြစ် ရှိနေဆဲဟု ခြိမ်းခြောက်ခဲ့သည်။ တာလီဘန်တို့၏ ပြောရေးဆိုခွင့်ရ
ပုဂ္ဂိုလ် ရှာဟီဒူလာ ရှာဟစ်က"မာလာလာကို ကျွန်တော်တို့ မမုန်းတီးပါဘူး။
သူ့ရဲ့ အတွေးအခေါ်ကိုသာ ဆန့်ကျင်တာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ဘာသာရေးကို
ဆန့်ကျင်ဖို့ နှိုးဆော်ပြီး အစ္စလာမ်ကို ဝေဖန်ပုတ်ခတ်သူ မှန်သမျှဟာ
ကျွန်တော်တို့ရဲ့ ပစ်မှတ်ပဲ။ ဒါကြောင့် သူ့ကို လုပ်ကြံဖို့ နောက်ထပ်
နောက်ထပ် အကြိမ်ကြိမ် အားထုတ်နေပါမယ်"ဟု လျှို့ဝှက်သော နေရာ တစ်ခုမှ
ဖုန်းဖြင့် ဆက်သွယ် ပြောကြားခဲ့သည်။
မာလာလာကို လုပ်ကြံမှု သတင်းကြောင့် ဆယ်ကျော်သက် မိန်းကလေးသည် တစ်ကမ္ဘာလုံး၏
အာရုံစိုက်မှုကို ခံလာရသည်။ မာလာလာသည် နိုဘယ်လ် ငြိမ်းချမ်းရေးဆုအတွက်
ရေပန်းစားနေသူများ စာရင်းတွင်လည်း ပါဝင်လျှက် ရှိသည်။ မာလာလာက
တစ်နေ့နေ့တွင် မိခင်နိုင်ငံသို့ ပြန် သွားကာ နိုင်ငံရေး သမား တစ်ဦးအဖြစ်
ရပ်တည်လိုကြောင်း ပြောကြားထားသည်။ သူမက "ကျွန်မတို့ နိုင်ငံရဲ့ အနာဂတ်ကို
ပြောင်းလဲဖို့ဆိုရင် ပညာရေးဟာ မဖြစ်မနေ လိုအပ်တဲ့ အရာပါပဲ"ဟု
မှတ်ချက်ပြုထားသည်။
Planet Myanmar
No comments:
Post a Comment