Friday, October 18, 2013

ရှမ်းပြည်နယ် နမ့်ခမ်းမြို့၌ အသံဗုံးတစ်လုံးနှင့် လက်လုပ်မိုင်းဗုံးနှစ်လုံး ပေါက်ကွဲမှုကြောင့် တစ်ဦး သေဆုံးပြီး ခြောက်ဦး ဒဏ်ရာရ

8.1.1
နမ့်ခမ်းမြို့တွင် ဖြစ်ပွားခဲ့သော ဗုံးပေါက်ကွဲမှုအပြီး မြင်ကွင်း
ရှမ်းပြည်နယ် နမ့်ခမ်းမြို့၌ အသံဗုံး တစ်လုံးနှင့် လက်လုပ် မိုင်းဗုံးနှစ်လုံး ပေါက်ကွဲမှုကြောင့် လူတစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ တစ်ဦးက အောက်တိုဘာ ၁၇ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့သည်။
ယင်းကဲ့သို့ အသံဗုံးတစ်လုံး ပေါက်ကွဲမှုနှင့် လက်လုပ်မိုင်းဗုံးတစ်လုံး ပေါက်ကွဲမှု ဖြစ်စဉ်များကို ရှမ်းပြည်နယ် နမ့်ခမ်းမြို့၊ မိုခမ်းရပ်ကွက်၊ ပြည်ထောင်စု လမ်းမအလယ်၊ ကျွန်းမျောပန်းခုံ LG-၆၅၈၃၆၄ တွင် အောက်တိုဘာ ၁၆ ရက် ည ၈ နာရီ မိနစ် ၅၀ က အသံဗုံးတစ်လုံး ပေါက် ကွဲမှုကြောင့် မြေသား တစ်လက်မ အကျယ်နှင့် အနက်သုံးလက်မရှိ ချိုင့်ခွက်သာ ပျက်စီးခဲ့ကြောင်း သိရသည်။
ယင်းနောက် အောက်တိုဘာ ၁၇ ရက် နံနက် ၇ နာရီ ၁၅ မိနစ်တွင် အသံဗုံး ပေါက်ကွဲခဲ့သည့် နေရာ၏ အရှေ့ဘက် ကိုက်တစ်ရာ အကွာတွင် လက်လုပ်မိုင်းဗုံးတစ်လုံး ထပ်မံပေါက်ကွဲခဲ့ကြောင်း သိရသည်။
ယင်းကဲ့သို့ ဒုတိယအကြိမ် ပေါက်ကွဲမှုကြောင့် အဆိုပါနေရာ အနီးဝန်းကျင်တွင် သန့်ရှင်းရေး ပြုလုပ်နေ သည့် စည်ပင်နေ့စား ၀န်ထမ်းကိုဝင်းကို အသက်(၂၉နှစ်) (ဘ)ဦးကျော်အေး၊ မှတ်ပုံတင်အမှတ် ၈/ပနမ(နိုင်) ၁၁၁၁၃၁၊ နမ့်ခမ်းမြို့ နေထိုင်သူမှာ ရရှိခဲ့သော ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် လမ်းသွားလမ်းလာသူများ ဖြစ်သည့် ဦးအိုက်မောင် အသက်(၄၂နှစ်)၊ အိုက်နိုင်ပေါင် အသက် (၂၀) နှစ်နှင့် အိုက်ညီ (၁၅) နှစ် (ဘ) ဦးညမ်အော့၊ (ပလောင်၊ ဗုဒ္ဓ) တို့မှာ ဒဏ်ရာအချို့ ရရှိခဲ့ကြောင်း သိရသည်။
ယင်းနောက် လက်လုပ်မိုင်းဗုံး ပေါက်ကွဲပြီးနောက် အဆိုပါ ပေါက်ကွဲခဲ့သည့် နေရာ၏ အရှေ့ဘက် ကိုက် ၅၀ အကွာတွင် အောက်တိုဘာ ၁၇ ရက် နံနက် ၇ နာရီ ၃၅ မိနစ်၌ လက်လုပ် မိုင်းဗုံးတစ်လုံး ထပ်မံပေါက်ကွဲ ခဲ့သဖြင့် မနန်းဝင်းချို (၂၂ နှစ်) (ဘ)ဦးစိုင်းအိုက်မောင်၊ ရှမ်း/ဗုဒ္ဓ၊ ဦးရန်ကျင်ရှင်း ( ၅၉ နှစ်) (ဘ)ဦးခိုက်ဖို၊ စိုင်းအိုက်မွန် (၁၄ နှစ်) တို့မှာ ဒဏ်ရာအချို့ ရရှိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ ပြောရေး ဆိုခွင့်ရှိသူ ဒုရဲမှူးကျော်နိုင်ထံမှ သိရသည်။
ယင်းကဲ့သို့ လက်လုပ်မိုင်းဗုံးနှစ်လုံး ဆက်တိုင်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိခဲ့သူ ခြောက်ဦးကို နမ့်ခမ်းဆေးရုံကြီးတွင် ကုသလျက်ရှိပြီး စိုးရိမ်စရာ မရှိတော့ကြောင်း ဒုရဲမှူးကျော်နိုင်က ဆက်လက် ပြော ကြားသည်။
ဖြစ်စဉ်များကြောင့် အိုက်မောင်တွင် ၀ဲ ပခုံး၊ အိုက်နိုင်ပေါင်တွင် ချက်အနီးပေါက်ပြဲ၊ အိုက်ညီတွင် ၀ဲပေါင်ပေါက်ပြဲ၊ နန်းဝင်းချိုတွင် ၀ဲဒူးပေါက်ပြဲ၊ ရန်ကျန်ရှင်းတွင် ၀ဲပေါင်၊ ၀ဲပခုံးတို့တွင် ပေါက်ပြဲ၊ အိုက်မွန် တွင် ၀ဲနံရိုး ပေါက်ပြဲ၊ ၀ဲလည်ပင်းတွင် ပေါက်ပြဲဒဏ်ရာတို့ ရရှိခဲ့ကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။
''ဒီပြစ်မှု ကျူးလွန်သွားတဲ့ တရားခံကို အမြန်ဆုံး ဖမ်းဆီးရမိဖို့ အတွက် ပိတ်ဆို့ စစ်ဆေးမှုတွေနဲ့ ရဲလုပ်ငန်း အရ ဆောင်ရွက်ချက်တွေကို လုပ်ဆောင်နေပါတယ်'' ဟု ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ တာဝန်ရှိသူ ဒုရဲမှူးကျော်နိုင်က ပြောကြားခဲ့သည်။
ထိုသို့ ဗုံးဖောက်ခွဲမှုတွင် ပြစ်မှုကျူးလွန်သူကို မျက်မြင်တွေ့ရှိသူ နှစ်ဦးအား ခေါ်ယူစစ်ဆေးလျက် ရှိကြောင်း ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးမှ အဆင့်မြင့် အရာရှိ တစ်ဦးက အောက်တိုဘာ ၁၇ ရက် ညပိုင်းက ပြော ကြားသည်။

Eleven

No comments:

Post a Comment