Wednesday, October 2, 2013

ပြည်သူလူထု စားဝတ်နေရေး မြင့်တက်လာခြင်း မရှိသောကြောင့် နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အမှန်တကယ် မရှိကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်သူလူထု၏ စားဝတ်နေရေးလူနေမှု အဆင့်အတန်း မြင့်တက်လာခြင်း မရှိသောကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးသည် ဖွံ့ဖြိုးတိုးတက်မှု အမှန်တကယ်မရှိကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံ စီးပွားရေးနှင့် ပတ်သက်၍ ဝေဖန်ပြောကြားသည်။
အောက်တိုဘာ ၁ ရက်က နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံဝင်းအတွင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီရုံးခန်းတွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ထိုသို့ ပြောကြား သည်။
''လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေက မကောင်းဘူး။ ခပ်တိုတိုပြောရမယ်ဆိုရင် တိုးတက်မှုက တကယ်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုးတက်မှုဆိုတာ ဘယ်လို တိုင်းတာမလဲဆိုတော့ ပြည်သူလူထုရဲ့ စားဝတ်နေရေး အခြေအနေပေါ့နော်။ လူနေမှု အဆင့်အတန်း မြင့်လာလားဆိုရင် မြင့် မလာဘူး။ အောက် ဆုံးပိုင်း အလွှာတွေဆိုရင် ပိုတောင် နိမ့်သွားတယ်လို့ ပြောကြတယ်။ အခု ADB နေပြီးတော့ ၆ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်မှု ရှိတယ်ဆိုတာကိုလည်း တချို့ပညာရှင်တွေ မေးခွန်းထုတ်ကြတယ်။ မရှိဘူးပေါ့။ လုံလောက်တဲ့ အထောက်အထား လုံလုံလောက်လောက် မရှိဘူးလို့ သုံးသပ်ကြတယ်။ ပညာ ရှင်တွေ ပြောတာထားလိုက်။ တကယ်တော့ ကိုယ့်ပြည်သူလူထုနဲ့ သွားပြီး စကားပြောရင်သိတာပဲ။ ဘယ်လောက်ထိ သူတို့ရဲ့ လူနေမှုအဆင့်အတန်းဟာ ပြောင်းလဲလာတယ်။ ပြောင်းလဲမလာဘူးဆိုတာ။ ရင်းနှီးမြှုပ်နှံမှုက ခန့်မှန်းသလောက် မ၀င်ဘူးဆိုတာ အားလုံးအသိပါပဲ။ ဒီရင်းနှီးမြှုပ်နှံမှုကိုပဲ ထိုင်ပြီး စောင့်နေမလား။ ရင်းနှီးမြှုပ်နှံမှုတွေရအောင် ခြေလှမ်းလှမ်းနေတဲ့အချိန်မှာ တစ်ချိန်တည်းမှာပဲ ကိုယ့်ပြည်သူတွေအတွက် လုပ်သင့် လုပ်ထိုက်တာတွေ မလုပ်ရဘူးလား''ဟု ဒေါ်အောင်ဆန်းစုကြည်က အစိုးရ၏ ပြည်သူလူထု လူနေမှုအဆင့်အတန်း မြှင့်တင်ရေးနှင့် ပတ်သက်၍ မေးခွန်းထုတ်ပြောကြားသည်။
လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေက မကောင်းဘူး။ ခပ်တိုတိုပြောရမယ်ဆိုရင် တိုးတက်မှုက တကယ်မရှိဘူး။ ဘာဖြစ်လို့လဲဆိုတော့ တိုးတက်မှုဆိုတာ ဘယ်လို တိုင်းတာမလဲဆိုတော့ ပြည်သူလူထုရဲ့ စားဝတ်နေရေး အခြေအနေပေါ့နော်။ လူနေမှု အဆင့်အတန်း မြင့်လာလား ဆိုရင် မြင့် မလာဘူး။ အောက် ဆုံးပိုင်း အလွှာတွေဆိုရင် ပိုတောင် နိမ့်သွားတယ်လို့ ပြောကြတယ်. . .

ထို့အပြင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်မှုနည်းပါးခြင်းမှာ နိုင်ငံတွင် တရားဥပဒေစိုးမိုးရေးမရှိခြင်းနှင့် အခြေခံ အဆောက်အအုံ မရှိခြင်းတို့ကြောင့် ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်း စုကြည် က ပြော ကြားသည်။
လက်ရှိတွင် ပြည်ပစီးပွားရေး လုပ်ငန်းရှင်များအနေဖြင့် အစိုးရအဖွဲ့၊ ၀န်ကြီးဌာနများနှင့် ဆက်ဆံ အလုပ်လုပ်ရသည်မှာ နှေးကွေးသည်ဟု လုပ်ငန်းရှင်များထံမှ သိရကြောင်း ပြောကြားသည်။
သို့ရာတွင် နိုင်ငံစီးပွားရေး တိုးတက်ဖွံ့ဖြိုးမှုအတွက် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ကိုသာ စောင့်မျှော်မနေ သင့်ဘဲ နိုင်ငံတော်စီမံကိန်းများကို ကိုယ့်အားကိုယ်ကိုး ဆောင်ရွက် သင့်ကြောင်းလည်း ပြောကြားသည်။

အောက်တိုဘာ ၁ ရက်က နေပြည်တော်တွင် မီဒီယာများအား တွေ့ဆုံပြောကြားနေ သည့် ဒေါ်အောင်ဆန်း စုကြည်ကို တွေ့ရစဉ်

Eleven

No comments:

Post a Comment