Friday, October 4, 2013

နိုင်ငံတော်သမ္မတ အနေဖြင့် အာဏာရ ပြည်ခိုင်ဖြိုးပါတီ၌ တာဝန်ပိုင်းအရ ဥက္ကဋ္ဌရာထူးရယူထားဆဲ ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင် ပြောကြား

နိုင်ငံတော်သမ္မတ အနေဖြင့် အာဏာရ ပြည်ခိုင်ဖြိုးပါတီ၌ ပါတီလုပ်ငန်းများ ၀င်ရောက်ဆောင်ရွက်ခြင်း မရှိတော့သော်လည်း တာဝန်ပိုင်းအရ ဥက္ကဋ္ဌရာထူး ရယူထားဆဲဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး၊ ပြည်ထောင်စု ၀န်ကြီး ဦးစိုးမောင်က အောက်တိုဘာ ၃ ရက်တွင် ကျင်းပသည့် ပြည်သူ့ လွှတ်တော် အစည်းအဝေးတွင် ပြောကြားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့် မေးမြန်းသည့် ''နိုင်ငံတော်သမ္မတနှင့် ပြည်ထောင်စုဝန်ကြီး အချို့သည် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၆၄၊ ပုဒ်မ ၂၃၂ (ဋ)တို့နှင့်အညီ တရားဝင် ဆောင်ရွက်ပြီးစီးခြင်း ရှိ၊ မရှိ စပ်လျဉ်းသည့်'' မေးခွန်း ကို ပြန်လည် ဖြေကြား ရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဦးဝင်းမြင့်က မေးမြန်းရာတွင် ''ဂျာနယ်များမှာလည်း ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌကို သူရဦးရွှေမန်း လို့လည်း ရေးသားဖော်ပြ ကြပါတယ်။ ပါတီရဲ့ ဗဟိုအတိုင်ပင်ခံ တစ်ဦးကတော့ ဇွန် ၂၉ ထုတ်တဲ့ မြန်မာ သံတော်ဆင့်မှာ 'လုပ်ငန်းအနေနဲ့ ခြေခြေမြစ်မြစ် လုပ်တာကတော့ လက်ရှိတာဝန် ပေးထားတဲ့ ဥက္ကဋ္ဌ လုပ်ရမှာပေါ့။ တကယ်ဥက္ကဋ္ဌနဲ့ ခေါင်းဆောင် ကတော့ လောလောဆယ် ကတော့ သမ္မတပါပဲ။ ဒီရာထူးပါပဲ။ ပါတီအကြီးအကဲပါပဲ' လို့ ဖြေထားပါတယ်။ ခုလိုကတည်းက မျက်စိသူငယ်၊ နားသူငယ် ဖြစ်နေကြတဲ့ ပြည်သူတွေမှာ မျက်စိလည် ကြရပါတယ်။ ဒါ့အပြင် ပါတီရဲ့ ဗဟိုအလုပ် အမှုဆောင် အဆင့်မှာရှိနေကြတဲ့ ပြည်ထောင်စုဝန်ကြီး ၆ ဦးရဲ့ အနေအထားကိုလည်း ဘာတစ်ခုမှ မသိရပါ။ ဒီကိစ္စများကို ဖွဲ့စည်းပုံ အခြေခံဥပဒေခုံရုံး ပေါ်ပေါက်ပြီးသော်လည်း တစ်စုံတစ်ရာ တရားဝင် ဖြေကြားခြင်း မရှိသေးပါသဖြင့် ယခုမေးခွန်းကို မေးမြန်းအပ်ပါတယ်'' ဟု မေးမြန်းခဲ့သည်။

ထိုအခါ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က'' ကျွန်တော်အနေနဲ့ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမြင့်ရဲ့ ကြယ်ပွင့်မပြ မေးခွန်းကို ဆက်လက် ဖြေကြားသွားမှာ ဖြစ်ပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌကြီးနှင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ ခင်ဗျာ။ နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတများနှင့် ပြည်ထောင်စု ၀န်ကြီးများဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ သက်ဆိုင်ရာ ပုဒ်မများနှင့်အညီ လိုက်နာဆောင်ရွက်လျက် ရှိပါသဖြင့် တရားဝင် ဆောင်ရွက်နေခြင်း ဖြစ်ပါကြောင်း ဖြေကြားအပ်ပါတယ်'' ဟု ဖြေကြားခဲ့သည်။

ထိုသို့ ဖြေကြားချက်ကို ဦးဝင်းမြင့်က ''ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေ ပုဒ်မ ၁၁၆ (ဃ)အရ တစ်ဆက်တစ်စပ်တည်း မေးခွန်းကို ဆက်လက် မေးခွင့်ပြုပါရန် လွှတ်တော်ဥက္ကဋ္ဌမှ တစ်ဆင့် တင်ပြအပ်ပါတယ်။ ခုနက ဖြေတဲ့အဖြေဟာ တိကျရှင်းလင်းတဲ့ အဖြေကိုပဲ ကျွန်တော်တို့ ကြားချင်ပါတယ်'' ဟု ထပ်မံမေးမြန်းခဲ့သည်။

ထိုအခါ သမ္မတရုံး ၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးမောင်က ''မေးခွန်းနဲ့ ပတ်သက်လို့ ကျွန်တော်လည်း အဘက်ဘက်က လေ့လာကြည့်ပါတယ်။ ကျွန်တော်ပဲ တွေဝေသလား၊ အတွေးချော်သလားတော့ မသိဘူး။ ကျွန်တော်မေးခွန်းကို သိပ်သဘော မပေါက်ပါဘူး။ တရားဝင် ဆောင်ရွက်ထားခြင်း ရှိ၊ မရှိ ဆိုတာ။ တရားဝင် ဆောင်ရွက်ရန် ဘယ်လိုလုပ်ဖို့ ရှိပါသလဲ။ ကျွန်တော်လေ့လာ ကြည့်တဲ့ အခါမှာ ၆၄ မှာ အင်္ဂလိပ်လို ပါတာကတော့ If the President or the Vice-Presidents are members of a political party, they shall not take part in its party activities during their term of office from the day of their election ပါတယ်။ ကျွန်တော် နားလည်တာတော့ activity ဆိုတာပဲ ပါပါတယ်။ Activity ကိုလည်း ကျွန်တော်တို့ Dictionary လှန်ကြည့်တဲ့ အခါမှာ လှုပ်ရှားဆောင်ရွက်မှုလို့ပဲ ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ သဘောပေါက်တာက Activity ကို ဘယ်သူမှ ၀င်ရောက်ဆောင်ရွက် ထားခြင်းမရှိပါဘူး။ Activity ပတ်သက်လို့ နားလည်တာက ပါတီစည်းရုံးရေး လုပ်ငန်းတွေကို ကျွန်တော်တို့ ၀င်ရောက်လုပ်တာ မတွေ့ရပါဘူး။ ကျွန်တော်တို့ Responsability တာဝန်ပိုင်းအရ Post ယူထားတာ ရှိပါတယ်။ ဒီအထဲမှာ ကျွန်တော်တို့ Retire ဆိုတဲ့ ဥစ္စာမျိုးလည်း မပါပါဘူး။ Resign လို့လည်း မပါဘူး။ Resignation လို့လည်း မပါတဲ့အတွက် လက်ရှိဆောင်ရွက်တဲ့ အတိုင်း တရားဝင် ဆောင်ရွက်ခြင်းပဲ ဖြစ်တယ်လို့ နားလည်ပါတယ်။ ဒီလောက်ပါပဲ။ အားလုံးကို ကျေးဇူးတင်ပါတယ်'' ဟု ပြန်လည် ဖြေကြားခဲ့သည်။

ထိုအခါ ဦးဝင်းမြင့်က ''ကျွန်တော့်ကို ဆက်လက်ပြီး မေးခွင့်ပြုပါ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၅၂ မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ၏ နိဒါန်း၊ ပုဒ်မများ၊ ပုဒ်မခွဲများ၊ စကားလုံးစုများ၊ စကားလုံး တစ်လုံးချင်း၏ အနက်အဓိပ္ပာယ်၊ သဘောအယူအဆများ ဖွင့်ဆိုရာ၌ မြန်မာစာဖြင့် ရေးသားဖော်ပြချက်များ အပေါ်တွင်သာ အခြေပြုရမည်လို့ အတိအကျ ပြဋ္ဌာန်းထားပါတယ်။ ဒါ့ကြောင့် မြန်မာစာဖြင့် ရေးသားချက်များ အပေါ်မှာပဲ အများပြည်သူလူထု နားလည်တဲ့အတိုင်း အဓိပ္ပာယ်ဖွင့်ရမှာ ဖြစ်ပါတယ်။ အင်္ဂလိပ်လို အဓိပ္ပာယ်ဖွင့်ရမှာ မဟုတ်တဲ့အတွက် ဒီမြန်မာစာဖြင့် အဓိပ္ပာယ် ဖွင့်ဆိုတဲ့ အပေါ်မှာပဲ တိကျရှင်းလင်းတဲ့ အဖြေကို ကျွန်တော်တို့မေးခြင်း ဖြစ်ပါတယ်'' ဟု မေးမြန်းခဲ့သည်။

ယင်းနောက် သမ္မတရုံးဝန်ကြီးက ''ကျွန်တော်တို့ ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရဟူ၍ ပုဒ်မ ၆၄ အပေါ်မှာလည်း ဆိုပါတယ်။ ပုဒ်မ ၂၃၂ (ဋ) မှာ လည်း ပါတီလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရလို့ ဆိုပါတယ်။ ပါတီလုပ်ငန်း ဆောင်ရွက်ခြင်း မရှိကြောင်း တင်ပြအပ်ပါတယ်'' ဟု ပြောကြားသည်။

၎င်းဖြေကြားချက်အပေါ် ဦးဝင်းမြင့်က ထပ်မံမေးမြန်းရာတွင် ''ပါဝင် ဆောင်ရွက်ခြင်း မပြုရလို့ အဓိပ္ပာယ်က ဆိုထားပါတယ်။ အခုဖြေထားတာက ဆောင်ရွက်ခြင်း မပြုတာပဲ ပြောပါတယ်။ ပါဝင်တာက ထင်ရှားနေပါတယ်။ ၀န်ခံပြီးသားလည်း ဖြစ်ပါတယ်။ ဒါကဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညီ၊ မညီ သိလိုပါ တယ်'' ဟု ထပ်မံ မေးမြန်းခဲ့သည်။

ဦးဝင်းမြင့်၏ နောက်ဆုံး မေးမြန်းမှုအပေါ် သမ္မတရုံး ပြည်ထောင်စု ၀န်ကြီးက ''ထိုဥပဒေနဲ့ ၆၄ နဲ့ရော၊ ၂၃၂ (ဋ) နဲ့ရော ညီပါကြောင်း ဖြေကြားအပ်ပါတယ်'' ဟု ဖြေကြားသည်။
 Eleven

No comments:

Post a Comment