Friday, October 4, 2013

ဒေသခံတိုင်းရင်းသားများ ကျီးလန့် စာစားလုပ်ကိုင်စားသောက်နေရသော်လည်း ရိက္ခာနှင့် ဆက်ကြေးငွေ များအား KIOမှဆက်လက်ကောက်ခံလျှက်ရှိ

ကချင်ပြည်နယ်ဆဒုံးမြို့နယ်ခွဲအတွင်းရှိ ကျေးရွာအုပ်စုများ၌ နေထိုင်သော ဒေသခံတိုင်းရင်းသားများအား အောက်တိုဘာ ၂ ရက်နေ့မှစ၍ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဆဒုံးမြို့နယ်အုပ်ချုပ်ရေးရုံးမှ နှစ်စဉ်ကောက် ခံနေသော ဆန်၊ဆီ၊ဆား နှင့် ငွေကြေးတို့ကို လာရောက်ကောက်ခံလျက်ရှိကြောင်း ယင်းဒေသခံများထံမှ သိရှိရသည်။

စက်တင်ဘာ (၃၀) ရက်နေ့အထိ ကချင်ပြည်နယ် မန်စီမြို့နယ်တွင်း၌ တိုက်ပွဲများဖြစ်ပွားခဲ့ရာ ဆဒုံးမြို့နယ် အတွင်းရှိ ဒေသခံပြည်သူများကလည်း တိုက်ပွဲများ ကူးစက်ဖြစ်ပွားလာမှာကို စိုးရိမ်ထိတ် လန့်နေရသော ကာလဖြစ်ကြောင်း ယင်းမြို့ခံ တစ်ဦးက ဆိုသည်။

“ မြစ်ကြီးနားမှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲလုပ်ဖို့ ကြိုတင်တွေ့ဆုံ ညှိနှိုင်းနေကြတယ်လို့ ကြားတယ်၊ ဒါပေမယ့် မန်စီဘက်မှာ လွန်ခဲ့တဲ့ သုံးလေးရက်လောက်က တိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရတယ်၊ ဒါဆိုရင် ဒေသခံတွေက ဘယ်ဟာကို အားကိုး ယုံကြည်ပြီး စိတ်အေးလက်အေး နေရမှာလဲ မပြော တတ်တော့ပါဘူး ” ဟု မြို့ခံတစ်ဦးဖြစ်သူ ဦးလောဂျာက ပြောပြသည်။

“ မနေ့က ဆမားဟောရွာက ရွာသားသုံးလေးယောက် အိမ်ကို လာပြောကြတယ်၊ တစ်အိမ်ထောင်ကို ဆန်တစ်တင်း၊ ဆီ (၅) ပိဿာ ၊ ဆား (၁) ပိဿာနဲ့ ငွေတစ်သောင်း KIO ဆဒုံးတိုက်နယ် ရုံးက တောင်းထား တယ်လို့ ပြောကြတယ်၊ နယ်မြေမအေးချမ်းတဲ့ ကာလမှာ ရွာသူရွာသားတွေ ကျီးလန့် စာစား ဖြစ်နေကြ ရတဲ့ အထဲ အဲဒီလို တောင်းရမ်းမှုတွေက အရမ်းစိတ်ပျက်စရာကောင်းတာပေါ့ဗျာ ” ဟု ဆက်လက်ပြောပြ သွားသည်။

အဆိုပါ ဆဒုံးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၌ နေထိုင်ကြသော ဒေသခံတိုင်းရင်းသားများမှာ နယ်မြေဒေသ အေးချမ်းမှုမရှိသေး၍ မိရိုးဖလာတောင်ယာလုပ်ငန်းများကို ကောင်းစွာ မလုပ်ခဲ့ရသဖြင့် မိသာစုစားဝတ်နေရေး အဆင်ပြေ အောင် ဖြစ်သလို ရုန်းကန်ရှာဖွေစားသောက်နေရကြောင်း၊ ကချင် လွတ်လပ်ရေးတပ်မတော် (KIA) တပ်ဖွဲ့ဝင်များစွာက လည်း ကျေးရွာတိုင်းလိုလို၌ ၀င်/ထွက် သွားလာနေပြီး လိုအပ်သောရိက္ခာနှင့် ဆက်ကြေးများ တောင်းရမ်းနေသောကြောင့် ဒေသခံများမှာ စားဝတ်နေရေး ပိုမိုကြပ်တည်းနေရကြောင်း ၊ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာမှာကိုလည်း စိုးရိမ်ပူ ပန်နေရ ကြောင်း ယင်းဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။

အယ်နော်ဆိုင်း
Oppositeye

No comments:

Post a Comment