Thursday, October 31, 2013

လိုင်ဇာ ထိပ်သီးဆွေးနွေးပွဲ၌ နိုင်ငံရေး ဆွေးနွေးမှု မပြုလုပ်မီ အပစ်ရပ်ကိစ္စကို ဦးစွာဆွေးနွေးခြင်း အစီအစဉ်အား RCSS၊ KNU ကန့်ကွက်

G.31.10.2013
ဦးဟန်ညောင်ဝေ ဆွေးနွေးနေစဉ် (ဓာတ်ပုံ-အောင်ဇော်ထွန်း)
တိုင်းရင်းသား လက်နက်ကိုင်များ၏ လိုင်ဇာ ထိပ်သီး ဆွေးနွေးပွဲ အစီအစဉ်၌ နိုင်ငံရေး ဆွေးနွေးမှု မပြု လုပ်မီ အပစ်ရပ်ကိစ္စကို ဦးစွာဆွေးနွေးရန် အစီအစဉ် ချမှတ်ခဲ့ခြင်းအား ရှမ်းပြည် ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA)နှင့် ကရင်အမျိုးသား အစည်းအရုံး(KNU) တို့က ကန့်ကွက် ခဲ့ကြသည်။  
မူလက ရေးဆွဲထားသည့် ဆွေးနွေးပွဲ အစီအစဉ်တွင် အစီအစဉ် အမှတ်စဉ်(၁၁)၌ တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးနှင့် ပတ်သက်ပြီး (က) အဖွဲ့လိုက် အမြင်သဘောထားများ သုံးသပ် တင်ပြခြင်း၊  (ခ) UNFC မှ ချမှတ်ထားသော ဘုံသဘောထားအပေါ် ရှင်းလင်းတင်ပြခြင်း၊ သုံးသပ်ခြင်း၊ (ဂ) အစိုးရမှ ပေးပို့ထားသော လက်မှတ်ရေးထိုးရန် သဘောထား မူကြမ်းအပေါ် သုံးသပ်ခြင်း၊ (ဃ) သဘောထား ဆုံးဖြတ်ခြင်း။ အစီအစဉ် အမှတ်စဉ် (၁၂) ၌ နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကိစ္စ KNU နှင့် RCSS ကိုယ်စားလှယ်များ အစိုးရ ကိုယ်စားလှယ်နှင့် ဆွေးနွေးထားသည့်အပေါ် ရှင်းလင်းတင်ပြခြင်း၊ အစီအစဉ် အမှတ်စဉ်(၁၃)၌ နိုင်ငံရေး ဆွေးနွေးရေးကိစ္စ အခြေခံ သဘောထား ချမှတ်ခြင်းတို့ ဖြစ်ကြပြီး ထိုအစီအစဉ်များသည် ရှေ့နောက်မညီသဖြင့် ပြင်ဆင်ပေးရန် RCSS နှင့် KNU တို့က ကန့်ကွက် ခဲ့ကြခြင်း ဖြစ်သည်။
အခမ်းအနား မစတင်မီ အချိန်တွင် အခမ်းအနားမှူး နိုင်ဟံသာက အစီအစဉ်များနှင့် ပတ်သက်ပြီး ပြင်ဆင် လိုသည်များရှိပါက ပြင်ဆင်ရန် ဖိတ်ခေါ်ပြီးနောက် RCSS ၏ အကြံပေးအနေဖြင့် လိုက်ပါလာသော ဦးဟန်ညောင်ဝေက စတင် ကန့်ကွက်ခဲ့ခြင်း ဖြစ်သည်။
"နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင်ကိစ္စ KUN နှင့် RCSS ကိုယ်စားလှယ်များ အစိုးရ ကိုယ်စားလှယ်နှင့် ဆွေးနွေးသည့်အပေါ် ရှင်းလင်းတင်ပြခြင်း။ ဒီ ၁၁ နဲ့ ၁၂ ကို ခွဲလို့ မရဘူးထင်တယ်လို့ ကျွန်တော်က တင်ပြချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က အပစ်အခတ် ရပ်စဲရေးကိစ္စပဲ ဆွေးနွေးမှာ မဟုတ်ဘူး။ နိုင်ငံရေး ဆွေးနွေးဖို့ ဖြစ်ပါတယ်။ အပစ်အခတ် ရပ်စဲတာဟာ နိုင်ငံရေး ဆွေးနွေးနိုင်ဖို့သာ တစ်ဆင့်ဖြစ်ပါတယ်။ ဒီနှစ်ခုကို ခွဲပြီး ဆွေးနွေးလို့တော့ အဓိပ္ပာယ်မရှိဘူးလို့ ကျွန်တော်မြင်ပါတယ်။ နောက်ထပ် နံပါတ် ၁၁၊ က၊ ခ၊ ဃ မှာ သဘောထား ဆုံးဖြတ်ချက် ချမှတ်ခြင်းဆိုတဲ့ နေရာမှာ ကျွန်တော်တို့က နိုင်ငံရေး ဆွေးနွေးပွဲကိစ္စ ကျေကျေလည်လည် မဆွေးနွေးသေးဘဲနဲ့ ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးမယ်။ ပြီးတော့မှ ဆုံးဖြတ်ချက် ချလိုက်မယ်ဆိုရင်တော့ အစီအစဉ် ပြောင်းပြန်ဖြစ်နေမလားလို့ ကျွန်တော်မြင်ပါတယ်။ ဆုံးဖြတ်ချက် ချမယ်ဆိုတဲ့နေရာမှာလည်း နံပါတ် ၁၃ နောက်မှာမှ ဆုံးဖြတ်ချက်ချတာ ပိုအဆင်ပြေမယ် ထင်တယ်။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံရေး ဆွေးနွေးပွဲကိစ္စ ကျွန်တော်တို့ အချင်းချင်းကြား မသိဘဲနဲ့ ဘာဆုံးဖြတ်ချက်ချမလဲဆိုတာ ကျွန်တော်မေးချင်ပါတယ်"ဟု ဦးဟန်ညောင်ဝေက ဆိုသည်။
ဦးဟန်ညောင်ဝေ၏ ပြောကြားချက်ကို KNU ၏ အကြံပေးအရာရှိ ဗိုလ်မှူးကြီး တူးတူးလေးက ထောက်ခံဆွေးနွေးခဲ့ပြီး နိုင်ငံရေးပြဿနာ ဖြေရှင်းရေးကို ဦးစားပေး ဆွေးနွေးသင့် သည်ဟု ပြောကြားသည်။
"လက်နက်ကိုင် ပဋိပက္ခနဲ့ ပတ်သက်ပြီးတော့ ယာယီအပစ်အခတ်ပဲ ရပ်စဲ ရပ်စဲ၊ တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ်ပဲ ရပ်စဲ ရပ်စဲ ဒါတွေဟာ ဒုတိယ ကဏ္ဍတစ်ခု အနေနဲ့ ဖြစ်နေ ပါတယ်။ နိုင်ငံရေးကိစ္စကို ဘယ်လို ဆွေးနွေးမယ်ဆိုတာကို ကျွန်တော်တို့ တိတိကျကျ သတ်မှတ်ချက် မရှိဘဲနဲ့ အဲဒီအပေါ်မှာ အခြေခံမထားဘဲနဲ့ ကျွန်တော်တို့ ဆက်လက်ပြီးတော့ သွားနိုင်ဖို့ကတော့ အခက်အခဲ အများကြီးရှိပါမယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ အဖွဲ့အစည်းအား လုံးရဲ့ခံယူချက်ဖြစ်တဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ဆိုတာ အဓိက ဘယ်လိုဖြေရှင်းမယ်ဆိုတာက အရင်ဆုံး ဆွေးနွေးသင့်တယ်လို့ ကျွန်တော်ကတော့ ထပ်လောင်း တင်ပြလိုပါတယ်"ဟု ဗိုလ်မှူးကြီး တူးတူးလေးက ဆိုသည်။
"အပစ်အခတ် ရပ်စဲရေးနဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို ခွဲလိုက်မယ်ဆိုလို့ရှိရင် ဒီလိုခွဲခြင်းအားဖြင့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲကို အနှောင့်အယှက်ပဲဖြစ်ဖြစ် အခက်အခဲပဲဖြစ်ဖြစ် ရှိလာမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်က ထိရောက်မှု မရှိရုံသာမက ဘဲနဲ့ နိုင်ငံရေးပြဿနာတွေ ဖြေရှင်းဖို့အတွက် အတားအဆီးဖြစ်နိုင်စရာ ရှိတယ်ဆိုတဲ့ အကြောင်း၊ နိုင်ငံရေးပြဿနာ ဖြေရှင်းရေးကို အရင်ဆုံး စဉ်းစားသင့်တယ်" ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ထို့နောက် RCSS ၏ အကြံပေးပုဂ္ဂိုလ် ဦးခွန်ဆိုင်းက ဦးဟန်ညောင်ဝေနှင့် ဗိုလ်မှူးကြီး တူးတူးလေးတို့၏ တင်ပြချက်ကို ဖြည့်စွက် ပြောကြားသည်။
"ကျွန်တော်မြင်တာကတော့ ဘယ်လိုလဲဆိုတော့ အခုကျွန်တော်တို့ အစိုးရအနေနဲ့  အပစ်အခတ် ရပ်စဲရေးကို ကမ်းလှမ်းလာတယ်။ ဘယ်ကနေစလဲဆိုတော့ ကျွန်တော်တို့ UNFC တို့ UNFCထဲမှာ မပါတဲ့ အဖွဲ့ဝင် မဟုတ်တာတို့ ပူးပေါင်းပြီးတော့ ရေးဆွဲထားတဲ့ Comprehensive Union Peace and Ceasefire Agreement မူကြမ်းကို ကျွန်တော်တို့ ဆွဲထားပါတယ်။ ဧပြီလမှာ ပြီးပါတယ်။ အဲဒီမူကြမ်းကို အစိုးရဘက်ကို တင်ပြတဲ့ အခါကျတော့  အစိုးရဘက်ကနေပြီးတော့ သူတို့အနေနဲ့တော့ မြင်တယ်။ အကောင်းမြင်ပါတယ်။ သို့သော်လည်းပဲ  အစိုးရအတွင်းမှာ တစ်စုံလုံးကို တင်ပြဖို့ အခက်အခဲရှိတယ်။ အပိုင်းခွဲပြီးတော့ တင်ပြချင်တယ်။  အဲဒါနဲ့ ကျွန်တော်တို့ရဲ့မူကြမ်းကို နှစ်ခြမ်းခွဲလိုက်ပြီးတော့မှ အပစ်အခတ် ရပ်စဲရေးက တစ်ခြမ်း၊ နောက်ပြီးတော့ နိုင်ငံရေး ဆွေးနွေးပွဲဆိုတာ နောက်ထပ် တစ်ခြမ်း ဖြစ်သွားပါတယ်။ အဲဒီတော့  ကျွန်တော်ထင်တာက ပထမဦးဆုံးက ကျွန်တော်တို့ နိုင်ငံရေး အခြေအနေတစ်ရပ်ကို ကျွန်တော်တို့ တင်ပြချက်က ဘယ်လိုရှိသလဲဆိုတာ အရင်ရှင်းလင်း တင်ပြထားပြီးတော့မှ အပစ်အခတ် ရပ်စဲရေးအကြောင်းကို ဆက်ဆွေးနွေးမယ်ဆိုရင် ပိုပြီးတော့မှ အဆင်ပြေမယ်။ ပိုပြီးတော့ ထိရောက်မယ်။ ကျွန်တော်တို့ ဆွေးနွေးချက်ကလည်း မှန်ကန်နိုင်မယ်လို့ ထင်ပါတယ်"ဟု ဦးခွန်ဆိုင်းက ဆိုသည်။  
ထို့နောက် ၎င်းတို့၏ ဆွေးနွေးချက်များကို ကွန်ဖရင့်ကျင်းပရေး ဦးဆောင်အဖွဲ့ကိုယ်စား ဦးနိုင်ဟံသာ ညှိနှိုင်းခဲ့ပြီး အခမ်းအနား အစီအစဉ်(၁၂)ကို (၁၁) သို့ လည်းကောင်း ပြောင်းလဲ သတ်မှတ်ပေးခဲ့သည်။
RCSS သည် UNFC အဖွဲ့ဝင် မဟုတ်ဘဲ WGEC အဖွဲ့ဖြစ်သည့်အပြင် RCSS ၏ အကြံပေးအဖြစ် လိုင်ဇာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဦးဟန်ညောင်ဝေမှာ Euro-Burma Office (EBO) အဖွဲ့၏ ဒါရိုက်တာ ဖြစ်သည်။

Eleven

No comments:

Post a Comment