Monday, November 11, 2013

နိုင်ငံသား ၅၀ ရာခိုင်နှုန်းကို လျှပ်စစ်မီးပေးနိုင်ရေး အမေရိကန်ဒေါ်လာ သန်း ၁,၅၀၀ ခန့် လိုအပ်သည်ဟုဆို

နန်းလွင်နှင်းပွင့်| တနင်္လာနေ့၊ နိုဝင်ဘာလ ၁၁ ရက် ၂၀၁၃ ခုနှစ် 

မြန်မာနိုင်ငံရှိ ပြည်သူ ၅၀ ရာခိုင်နှုန်းခန့်ကို လာမည့် ၂၀၁၅ ခုနှစ်အထိ လျှပ်စစ်မီး အပြည့်အ၀ပေးနိုင်ရန် အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ ခန့် လိုအပ်သည်ဟု လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးက နိုဝင်ဘာ ၁၀ ရက် ရန်ကုန်မြို့၌ ပါတီများ၊ နိုင်ငံရေးအင်အားစုများ၊ အရပ်ဘက် လူမှု အဖွဲ့ အစည်းများနှင့် တွေ့ဆုံစဉ် ပြောဆိုလိုက်သည်။

“၂၀၁၅ ခုနှစ်အထိကို ကျွန်တော်တို့ တွက်လိုက်ရင် မြန်မာတစ်နိုင်ငံလုံးရဲ့ ၅၀ ရာခိုင်နှုန်းကို လျှပ်စစ်မီး အပြည့်အ၀ပေးဖို့ မဂ္ဂါဝပ် ၄,၀၀၀ လောက်လိုနေတယ်၊ ကျွန်တော်တို့ပေးနိုင်မှာက ၁,၅၀၀ မဂ္ဂါဝပ်ပဲ၊ အဲ့ဒီ လိုနေတာတွေကို ကျွန်တော်တို့ကိုယ်တိုင် လုပ်မယ်ဆိုရင်လည်း ဒေါ်လာက သန်းပေါင်း ၁,၅၀၀လောက် လိုနေတယ်”ဟု ၎င်းက ရှင်းပြသည်။

မြန်မာနိုင်ငံ၏ လျှပ်စစ်မီးသုံးစွဲမှုပမာဏသည် ၂၀၁၁ ခုနှစ်တွင် ၁၄၂၀ မဂ္ဂါဝပ်ဖြစ်သော်လည်း လက်ရှိအ ချိန်တွင် ၂,၈၆၀ မဂ္ဂါဝပ်အထိ တိုးမြှင့်သုံးစွဲနေသည်ဟု ပြည်ထောင်စုဝန်ကြီးက ဆိုသည်။ ထို့ပြင် လက်ရှိအချိန်၌ အစိုးရအနေဖြင့် အရှုံးခံရောင်းချနေရသည်ဟုလည်း ၎င်းက တွက်ချက်ပြခဲ့သေးသည်။

“လျှပ်စစ်မီးအတွက် နိုင်ငံခြားကနေ ကျွန်တော်တို့ ၀ယ်ယူတယ်ဆိုရင် တစ်ယူနစ်ကို ၁၅၀ နဲ့ ၀ယ်ရတယ်၊ ပြည်သူတွေကို ပြန်ရောင်းတော့ ၃၅ ကျပ်နဲ့ ပြန်ရောင်းတော့ ကျွန်တော်တို့က ၁၀၀ လောက်ရှုံးတယ်” ဟု ဦးခင်မောင်စိုးက ဆိုသည်။ ထိုသို့ လျှပ်စစ်မီးသုံးစွဲမှု နှစ်စဉ် တိုးတက် လာခြင်းကို ကိုင်တွယ်နိုင်ရန် အစိုးရ ဘတ်ဂျက်ဖြင့် ဆောင်ရွက်မည် သို့မဟုတ် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဖြင့် ၀န်ဆောင်ပေးမည်ဆိုသည်ကို လေ့ လာလျက်ရှိသည်ဟုလည်း ၎င်းက ပြောသည်။ သို့သော် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရယူပါက တစ်ယူနစ်လျှင် ကျပ် ၅၀ မှ ၆၀ အတွင်း ကုန်ကျ မည်ဖြစ် သဖြင့် ခက်ခဲမည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ရှင်းပြသည်။

လျှပ်စစ်ဓာတ်အားခများ တိုးမြှင့်လိုက်ခြင်းကို ပြန်လည်သုံးသပ်ရန် ပြည်ထောင်စုလွှတ်တော်၌ အဆိုတင် သွင်းခဲ့သူ လွှတ်တော်ကိုယ်စားလှယ် ဦးအေးမောက်ကမူ အစိုးရက ပြန်လည်ဝယ်ယူသဖြင့် ရှုံးသည် ဆိုခြင်းမှာ မဖြစ်နိုင်ကြောင်း မဇ္ဈိမသို့ သုံးသပ် ပြောဆိုသည်။

ထို့ကြောင့် သေချာစွာ ပြန်လည်စိစစ်သင့်သည်ဟု ယခင်အစိုးရလက်ထက် ဌာနကြီးတစ်ခုတွင် ဦးဆောင်ညွှန်ကြားရေးမှူး တာဝန်ယူခဲ့ဖူးသူ ဦးအေးမောက်က ဆိုသည်။

“နိုင်ငံခြားက၀ယ်လို့ ရှုံးတယ်ဆိုတာကတော့ မဖြစ်နိုင်ဘူး၊ ပြည်သူတွေကို လျှပ်စစ်မီးပေးနေတဲ့နေရာမှာ ရှုံးနေတယ်ဆိုတာကတော့ ဖြစ်နိုင်ပါတယ်၊ ကျွန်တော်တို့ သိသလောက်တော့ ရွှေလီ ၃ ကနေ ၀ယ်နေ တာကလည်း တစ်ယူနစ်ကို ၂ ဒသမ ၂ ဆိုတော့ ၂၂ ကျပ်ပဲ ကျပါတယ်၊ အခြား နောက်စီမံကိန်းတစ်ခုဆို ရင်လည်း မ၀ယ်ယူရသေးဘူးလို့ သိထားပါတယ်၊ ဒါပေမဲ့ အရှုံးကြီးနဲ့အရှုံးလေးနဲ့ မှားနေတာ လည်း ဖြစ်နေ ပါဦးမယ်၊ သေချာ ပြန်စိစစ်သင့်တယ်လို့ ထင်ပါတယ်”ဟု ၎င်းက ပြောသည်။

ထို့ပြင် အခြားနိုင်ငံများကဲ့သို့ မလိုအပ်သည့်နေရာများကို တိုးမြှင့်ကောက်ခံခြင်းဖြင့် အများပြည်သူအပေါ် ၀န်ထုပ်ဝန်ပိုးမဖြစ်စေရန် ဆောင်ရွက်သင့်သည်ဟုလည်း ဦးအေးမောက်က အကြံပြုသည်။“မမြှင့်နဲ့ မပြောချင်ပါဘူး၊ မီတာခကိုမြှင့်ပါ၊ ဒါပေမဲ့ ပြည်သူတွေကိုတော့ အချိန်ပေးသင့်တယ်”ဟု ဆိုသည်။

အဆိုပါတွေ့ဆုံပွဲသည် လျှပ်စစ်မီတာခများ တိုးမြှင့်ကောက်ခံမှုကို ကန့်ကွက်သည့် ဆန္ဒဖော် ထုတ်ပွဲများ နှင့် ပြည်ထောင်စုလွှတ်တော်၌ မီတာခနှုန်းထားများကို ပြန်လည် စဉ်းစား ရန် ဆွေးနွေးပြီးနောက် ကျင်းပခဲ့ ခြင်းဖြစ်သည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ် ဓာတ်အားသုံးစွဲမှုအခြေအနေတွင် ရန်ကုန်တိုင်းသည် ယူနစ်သန်းပေါင်း ၄,၀၀၀ နီးပါးဖြင့် အမြင့်ဆုံးဖြစ်သည်။

ဓာတ်အားသုံးစွဲမှု အနည်းဆုံးမှာ ချင်းပြည်နယ်ဖြစ်ပြီး ၄ ဒသမ ၄၆၄ ယူနစ်သန်းသာ သုံးစွဲနိုင်ခြင်းဖြစ် သည်။

Mizzima

No comments:

Post a Comment