Saturday, November 9, 2013

အစိုးရက ကန့်သတ်ကုန်ပစ္စည်းအဖြစ် သတ်မှတ်ထားသော အရက်၊ ဘီယာနှင့် ၀ိုင်များကို ဟိုတယ်နှင့် ခရီးသွား ၀န်ကြီးဌာန၏ ထောက်ခံချက်ဖြင့် အဆင့်မီဟိုတယ် အများစုကိုသာ တင်သွင်းခွင့်ပြုထား

အစိုးရက ကန့်သတ်ကုန် ပစ္စည်းအဖြစ် သတ်မှတ်ထားသော အရက်၊ ဘီယာနှင့် ၀ိုင်များကို ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၏ ထောက်ခံချက်ဖြင့် အဆင့်မီဟိုတယ် အများစုနှင့် (Duty Free) အခွန်ကင်းလွတ်ခွင့် ပေးထားသော ဆိုင်များကိုသာ တင်သွင်းရောင်းချခွင့် ပေးထားကြောင်း သိရသည်။

''ထောက်ခံချက် ပေးထားတဲ့ အပိုင်းတွေမှာဆိုရင် ဟိုတယ်လို့ သတ်မှတ်ထားရင်တောင် အဆင့်မီတဲ့ ဟိုတယ်တွေကိုပဲ အရက်၊ ဘီယာ၊ ၀ိုင် အစသဖြင့် ပေးထားတာပဲရှိတယ်။ ဒါပေမဲ့ လေဆိပ်လို အထဲမှာရှိတဲ့ အခွန်ကင်းလွတ်ခွင့် ဆိုင်တွေ အနည်းငယ်ပဲ ပေးထားတယ်'' ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဇော်ဝင်းက ပြောကြားသည်။

ယခုနောက်ပိုင်းတွင် တရားမ၀င် ကုန်ပစ္စည်းများ ၀င်ရောက်မှု တားဆီးရေးအဖွဲ့ Mobile Team မှ သတင်းပေး တိုင်ကြားထားသော စက်ရုံနှင့် ကုမ္ပဏီများထံသို့ ၀င်ရောက်ရှာဖွေ စစ်ဆေးနေခဲ့သော ဖြစ်စဉ်များအတွင်း ဖမ်းဆီးရမိသော အရက်၊ ဘီယာ၊ ၀ိုင်တို့ကို ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၏ ထောက်ခံချက်ဖြင့် တင်သွင်းထားကြောင်းကို အကြောင်းပြမှုများ ရှိနေကြောင်း သိရသည်။

''ကျွန်တော်တို့ ဆီမှာတော့ ပေးထားတဲ့ စာရင်းတွေတော့ အလွယ်တကူ မရနိုင်ဘူး။ ဒါပေမဲ့ ကျွန်တော်တို့က အဆင့်မီ ဟိုတယ်တွေနဲ့ အခွန်ကင်းလွတ်ခွင့် ပေးထားတဲ့ ဆိုင်တွေကိုပဲ ထောက်ခံချက်ပေးတယ်။ ပြီးတော့ စီးပွားကူးသန်း ၀န်ကြီးဌာနကို ဆက်လက် ပေးပို့ထားတယ်'' ဟု ဦးအောင်ဇော်ဝင်းက ဆက်လက် ပြောကြားသည်။

သို့သော် အဆင့်မီဟိုတယ်နှင့် (Duty Free) အခွန်ကင်းလွတ်ခွင့် ပေးထားသော ဆိုင်များမှာ စုစုပေါင်း ၅၀ ပင် မပြည့်မီနိုင်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ သိရသည်။

အောက်တိုဘာနှင့် နိုဝင်ဘာလ အတွင်းက တရားမ၀င် ကုန်ပစ္စည်းများ ၀င်ရောက်မှု တားဆီးရေးအဖွဲ့ Mobile Team မှ ၀င်ရောက်ရှာဖွေခဲ့သော Quarto Product ကုမ္ပဏီမှာ ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာန၏ ထောက်ခံချက်ဖြင့် သောင်းနှင့်ချီသော ၀ိုင်နှင့်ဘီယာ၊ အေးခဲအသားများကို တင်သွင်းသည်ဟု Mobile Team မှ စစ်ဆေးစဉ် ပြောကြားခဲ့သော်လည်း တရားဝင် မဟုတ်ကြောင်းကို စစ်ဆေးတွေ့ရှိ ခဲ့သည်ဟု Mobile Team မှ ထုတ်ပြန်ခဲ့သည်။

(မြန်မာနိုင်ငံ ဈေးကွက်အတွင်းသို့ ၀င်ရောက်နေသော ၀ိုင်ပုလင်းများအား တွေ့ရစဉ်)
Eleven

No comments:

Post a Comment