Wednesday, November 27, 2013

မြို့နယ်ဖွံ့ဖြိုးရေး အသုံးပြုမည့်ငွေ နွမ်းပါးရပ်ကွက်များကို ဦးစားပေး ဆောင်ရွက်မည်

ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် လွှတ်တော်ကိုယ်စားလှယ်များ အသုံးပြုနိုင်သည့် ကျပ်သိန်း ၁,၀၀၀ ကို သင်္ဃန်းကျွန်းမြို့နယ်တွင် နွမ်းပါးရပ်ကွက်များ၏ လိုအပ်ချက်ကိုကြည့်၍ ဦးစားပေး ဆောင်ရွက်သွား မည်ဖြစ် သည်ဟု သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က နိုဝင်ဘာ ၂၆ ရက် တွင် မဇ္ဈိမကို ပြောသည်။

ယခု ၂၀၁၃-၁၄ ဘဏ္ဍာနှစ်အတွက် ယင်းငွေ သိန်း ၁,၀၀၀ ကို အသုံးပြုရမည်ဖြစ်ပြီး မြို့နယ်အတွင်း ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်ပြီးမှ အသုံးပြုမည့်ငွေကြေးပမာဏကို အတိအကျပြောနိုင်မည် ဖြစ်သည် ဟုလည်း ဦးသိန်းညွန့် က ဆိုပြီး အခြေခံလိုအပ်ချက်များဖြစ်သည့် ရေရရှိရေး၊ မီးမရသည့်နေရာများ မီးရ ရှိရေး၊ ကျန်းမာရေးဆိုင်ရာ၊ ပညာရေးဆိုင်ရာများ စသည်တို့အတွက် အဓိကအသုံးပြုမည်ဖြစ်သည်ဟုလည်း ဆိုသည်။

ဦးသိန်းညွန့်က “ပြည်သူလိုအပ်ချက်ကို တကယ်ကြည့်မှာပါ။ ကြည့်ပြီး တကယ်လိုအပ်လို့ မဖွံ့ဖြိုးတဲ့ ဆင်းရဲတဲ့ ရပ်ကွက်တွေကို ဦးစားပေးသွားမယ်”ဟု ပြောသည်။

အဆိုပါ ကျပ်သိန်း ၁,၀၀၀ ကို လူထုလိုအပ်ချက် ဆောင်ရွက်နိုင်ရန် သင်္ဃန်းကျွန်းမြို့နယ်အတွင်း လာ မည့် နိုဝင်ဘာလ ၃၀ ရက်မှ စတင်ပြီး ရပ်ကွက်အသီးသီး ကွင်းဆင်း စစ်ဆေးသွားမည် ဖြစ်သည်။

ဦးသိန်းညွန့်က “မြို့နယ်ဖွံ့ဖြိုးရေးကော်မတီ၊ ရပ်ကွက်ဖွံ့ဖြိုးရေးကော်မတီက တင်ပြတဲ့ဟာတွေကို စီစီ စစ်စစ် လေ့လာမယ်။ သူတို့တင်ပြချက်မှာ ဘယ်လောက် အံ့အားသင့်လဲဆိုရင် ရပ်ကွက် အုပ်ချုပ်ရေး ရုံး ဆောက်ပေးဖို့ဆိုပြီး တင်ပြလာတယ်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက်နဲ့ လည်း ကွဲလွဲနေ တယ်”ဟု ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ်တွင် ရပ်ကွက်ပေါင်း ၃၉ ရပ်ကွက်ရှိပြီး လူဦးရေ နှစ်သိန်းနီးပါးခန့် ရှိသည်။

ယခုဘဏ္ဍာနှစ်အတွက် အသုံးပြုရန် ခွင့်ပြုထားသည့် ဒေသဖွံ့ဖြိုးရေး တစ်မြို့နယ် ကျပ်သိန်း ၁,၀၀၀ အသုံးပြုနိုင်ခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော် အဋ္ဌမပုံမှန်အစည်းအဝေး နောက်ဆုံးနေ့ နိုဝင်ဘာ ၁၅ ရက်တွင် လုပ်ထုံးလုပ်နည်းအမိန့်ညွှန်ကြားစာအား သ၀ဏ်လွှာအဖြစ် ပေးပို့လိုက်ပြီဖြစ်သည်။
 Mizzima

No comments:

Post a Comment