Friday, November 1, 2013

မိုးစက်ဝိုင် ပေါ်ပြူလာ ဖြစ်နေသော မယ်စကြာဝဠာ ပြိုင်ပွဲကြီးစတင်

ရုရှားနိုင်ငံတွင် ကျင်းပမည့် (၂၀၁၃)ခုနှစ်၊ မယ်စကြာဝဠာ ပြိုင်ပွဲအတွက် နိုင်ငံအရပ်ရပ်မှ ကိုယ်စားပြု အလှမယ်အားလုံး စုံလင်စွာ ရောက်ရှိလာပြီဟု သိရှိရသည်။ အစောပိုင်းက မယ်စကြာဝဠာ ပြိုင်ပွဲအတွက် လူရွေးချယ်မှုတွင် မမျှတကြောင်း ဝေဖန်စကားများ ပြောဆိုခဲ့သည့်အတွက် ဒုတိယဆုရ အလှမယ်နှင့် အစားထိုးမည်ဟု သတင်းထွက်ခဲ့သည့် ဂါနာကိုယ်စားပြု ဟာနီရယ်လ် ဂျာမင်သည်လည်း မော်စကိုသို့ ချောမောစွာ ရောက်ရှိလာခဲ့သည်။ သူမသည် အခြားသော နိုင်ငံ(၈၅)ခုမှ ကိုယ်စားပြု အလှမယ်များနှင့် ပူးပေါင်းခွင့် ရခဲ့သည်။
ဖိလစ်ပိုင် ကိုယ်စားပြု အလှမယ် အေရီရယ်လ် အာရီဒါသည် လက်တင် နိုင်ငံများမှ အလှမယ်များသည် အင်္ဂလိပ် စာကြောင်းတစ်ကြောင်းကိုပင် ဖြောင့်ဖြောင့်တန်းတန်း မပြောဆိုတတ်သူများဟု ဝေဖန်ခဲ့ဖူးပြီး ယင်းအတွက် ပြန်လည် တောင်းပန်ခဲ့ရသည်။ (၆၂)ကြိမ်မြောက် မယ်စကြာဝဠာ ပြိုင်ပွဲကြီးကို နိုဝင်ဘာလ (၉)ရက်နေ့မှ နောက်ဆုံးအဆင့် ကျင်းပမည် ဖြစ်သော်လည်း လူအများအတွက် ယခုကတည်းက သတင်းစုံ၊ အကြောင်းအရာစုံဖြင့် စိတ်ဝင်စားစရာ ဖြစ်နေခဲ့သည်။
အောက်တိုဘာ (၂၄)ရက်နေ့တွင် အလှမယ်အားလုံး စုံညီစွာ ရောက်ရှိခဲ့ပြီးနောက် အောက်တိုဘာ (၂၅)ရက်နေ့တွင် ဇက်ဖာရာနို စားသောက်ဆိုင်၌ အထူး ကြိုဆိုဂုဏ်ပြုမှု ညစာစားပွဲဖြင့် ခင်းကျင်း ဧည့်ခံမည် ဖြစ်သည်။ ထို့နောက်တွင်မူ ရှည်လျားသည့် (၂)ပတ်တာအတွက် မယ်စကြာဝဠာ အလောင်းအလျာ အားလုံး သူမတို့၏ ပင်ကိုယ် အရည်အသွေး အသီးသီးကို အစွမ်းကုန် ပြသရင်း နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင် ကြမည် ဖြစ်သည်။ ယခုနှစ် ပြိုင်ပွဲဝင် မယ်စကြာဝဠာ (၈၆)ဦးတွင် အသက်အငယ်ဆုံးမှာ (၁၈)နှစ်ဖြစ်ပြီး အသက်အကြီးဆုံးမှာ (၂၇)ဟု သိရသည်။ အသက်အကြီးဆုံးသည် ကနေဒါ ကိုယ်စားပြု ရီဇာဆန်းတို့စ်ဖြစ် ကာ တူရကီမှ ဘာရင်မ် ကက်လစ်လာက အငယ်ဆုံးအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
(၂၀၁၃)ခုနှစ် ပြိုင်ပွဲတွင်မှ ပွဲဦးထွက် စတင်ယှဉ်ပြိုင်သည့် နိုင်ငံမှာ အဇာဘိုင်ဂျန် တစ်ခုသာ ရှိသည်။ အဇာဘိုင်ဂျန်သည် ယခုနှစ်တွင် အသက်(၂၁)နှစ်အရွယ် ဘာကူးနယ်သူလေး အေဆယ်လ် မာနာဖိုဗာကို ဂုဏ်ယူစွာ စေလွှတ်ခဲ့သည်။ အသက်(၂၅)နှစ်ရှိ မိုးစက်ဝိုင်သည် (၁၉၆၁)ခုနှစ်နောက်ပိုင်း ပထမဆုံး အကြိမ်အဖြစ် မြန်မာနိုင်ငံကို ကိုယ်စားပြုကာ ကမ္ဘာကျော် အလှမယ် ပြိုင်ပွဲကြီးထံ တစ်ကျော့ပြန် ခြေချလာခဲ့သူ ဖြစ်သည်။ ဩစတြီးယား နိုင်ငံသည်လည်း (၂၀၀၄)ခုနှစ် နောက်ပိုင်းတွင် ပထမဆုံးအကြိမ် အဖြစ် နိုင်ငံကိုယ်စားပြု အလှမယ် ဒိုရစ်ဟော့ဖ်မန်းကို စေလွှတ် ယှဉ်ပြိုင်စေခဲ့သည်။ မယ်စကြာဝဠာ အလောင်းအလျာ အားလုံးသည် ရုရှားနိုင်ငံရှိ ဒီမီထရီ ရိုဂါချက်ဗ် ဆေးဘက်ဆိုင်ရာ သုတေသန စင်တာသို့ သွားရောက် လည်ပတ်မည်ဖြစ်ပြီး မော်စကိုရှိ Mercedes-Benz ကားပြိုင်ကွင်းတွင် အစမ်းမောင်းနှင်သည့် အစီအစဉ်တွင်လည်း ပါဝင်ရမည်ဟု သိရသည်။
လက်ရှိ အလှမယ်များတွင် ခန္ဓာကိုယ် အချိုးအဆက် ပြေပြစ်မှုအတွက် ဆွစ်ဇာလန်၊ ဩစတြေးလျ၊ ကိုလံဘီယာ၊ ဘိုလီးဗီးယား၊ ဗြိတိန်တို့က ရေပန်းစားနေပြီး မိုးစက်ဝိုင်နှင့်ဖိလစ်ပိုင် အလှမယ်တို့မှာ အသားအရေ လှပမှုအတွက် အသိအမှတ်ပြု ခံထားရသည်။ မိုးစက်ဝိုင်မှာ ဖိလစ်ပိုင်မယ် အေရီရယ်လ်ထက် အင်္ဂလိပ်စကား လည်ပတ်ကျွမ်းကျင် စွာ ပြောဆိုတတ် သူဖြစ်ပြီး အေရီရယ်လ် ကိုယ်တိုင်က သူမသည် ပေါင်းသင်းဆက်ဆံရေး နယ်ပယ်တွင် အားနည်းချက်များ ရှိနေကြောင်း ဝန်ခံဖူးသည်။ မိုးစက်ဝိုင်သည် မြန်မာနိုင်ငံတွင် ကတည်းက "Miss Healthy Skin"ဆုကို ရရှိဖူးပြီး ရုရှားတွင် ဒိုင်အဖွဲ့က အသားအရေ အကောင်းဆုံး ပြိုင်ပွဲဝင် တစ်ဦးအနေဖြင့် လက်ခံထားသူ ဖြစ်သည်။ မယ်စကြာဝဠာ ပြိုင်ပွဲ၏ နောက်ဆုံးအဆင့် ပြိုင်ပွဲကို မော်စကိုရှိ ကရက်နော့စ်ဂေါ့စ်မှ Crocus City Hallတွင် နိုဝင်ဘာလ (၉)ရက်နေ့၌ ကျင်းပသွားရန် စီစဉ်ထားသည်။ မယ်စကြာဝဠာအဖြစ် အတည်ပြု ရွေးချယ်ခံရသည့် အလှမယ်ကို (၂၀၁၂)ခုနှစ် သရဖူပိုင်ရှင် အမေရိကန် ကိုယ်စားပြု အိုလီဗီယာ ကူလ်ပိုက မယ်စကြာဝဠာ ဘွဲ့ အပ်နှင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။ 
By Planet

No comments:

Post a Comment