Tuesday, November 5, 2013

ရန်ကုန်တိုင်းအစိုးရက လာမည့် ဘတ်ဂျက်ကျပ်ငွေ ၃၃၄ ဘီလီယံကျော် သုံးစွဲရန် လွှတ်တော်သို့ တင်ပြ

လက်ရှိအစိုးရ၏ နောက်ဆုံးသက်တမ်းဘဏ္ဍာနှစ်ဖြစ်သော ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်အတွက် ရန်ကုန်တိုင်းအစိုးရက ဘတ်ဂျက်ငွေ ၃၃၄ ဘီလီယံကျော်ကိုသုံးစွဲရန် ရေးဆွဲလျာထားကြောင်း ရန်ကုန်တိုင်း လွှတ်တော်အထူးအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ဘဏ္ဍာရေးဝန်ကြီးက တင်ပြခဲ့ သည်။

ရန်ကုန်တိုင်းအစိုးရက သုံးစွဲမည့် ဘတ်ဂျက်မှာ မဖြစ်မနေသုံးရမည့် သာမန်အသုံးစရိတ်အတွက် ၁၁၂ ဒသမ ၃ ဘီလီယံ၊ တိုင်းဒေသကြီးဖွံ့ဖြိုးတိုးတက်ရန် ရင်းနှီးမြှုပ်နှံရသည့် ငွေလုံးငွေရင်း အသုံးစရိတ် အဖြစ် ၂၂၁ ဒသမ ၇၃၆ ဘီလီယံနှင့် ကြွေးမြီအသုံးစရိတ်အဖြစ် ၈၇၁ ဒသမ ၇၆၆ သန်းတို့ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြဆွေးနွေးသွားခဲ့သည်။

ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ် ပြောကြားချက်အရ အထက်ပါသုံးစွဲရန်လျာထားသော အသုံး စရိတ်အားလုံး၏ ၆၉ ဒသမ ၇၇ ရာခိုင်နှုန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက သုံးစွဲမည်ဖြစ်ကြောင်းထည့်သွင်းပြောကြားခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီက စုစုပေါင်းသုံးစွဲရန်လျာထားသည့် ၃၃၄ ဒသမ ၉၀၈ ဘီလီယံအနက် သာမန်နှင့် ငွေလုံးငွေရင်း အသုံးစရိတ် ၂၃၂ ဒသမ ၇၉၄ ဘီလီယံနှင့် ကြွေးမြီ အသုံးစရိတ်အဖြစ် ၂၃၂ ဒသမ ၇၉၄ ဘီလီယံတို့ဖြစ်သည်။

အဆိုပါ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် ရသုံးခန့်မှန်းခြေငွေစာရင်း လျာထားချက်စာရင်းများကို ယခုလ ၂ ရက်မှသာ လွှတ်တော်အမတ်များထံသို့ ပေးပို့ထားသည့်အတွက် အသုံးစရိတ်များကို လေ့လာရန် အမတ်များအတွက် အခက်အခဲရှိသည်ဟု ဗဟန်းမြို့နယ်မှ တိုင်းအမတ် ဒေါက်တာညိုညိုသင်းက လွှတ်တော် အစည်းအဝေးအပြီး မီဒီယာများသို့ ပြောခဲ့သည်။

“ဒါကတော့ မဖြစ်သင့်ဘူး။ လေ့လာဖို့အချိန်မရတဲ့အတွက် ကိုယ်စားလှယ်တွေ တော်တော်များများ ကတော့ ဆွေးနွေးနိုင် မယ်လို့ မထင်ဘူး။ သူတို့က အစတည်းက လွှတ်တော်ကိုယ်စားလှယ်တွေ အတိုက်အခံ ဘာပဲပြောပြောတို့ကတော့ အတည်ပြုမှာပဲဆိုတဲ့ သဘောဖြစ်နေတယ်” ဟု ဒေါက်တာ ညိုညိုသင်းက ဝေဖန်ခဲ့သည်။

ထိုသို့သုံးစွဲရန်လျာထားသည့် အသုံးစရိတ်များနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ကိုယ်စားဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်က နိုဝင်ဘာ ၄ ရက်က ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် အစိုးရဌာနအလိုက်သုံးစွဲမည့် အသုံးစရိတ်ကို လွှတ်တော်ကိုယ်စားလှယ်များသို့ ရှင်းပြခဲ့ခြင်းဖြစ်သည်။ ထို့အပြင် ရန်ကုန်မြို့တော်ဝန်ဦးလှမြင့်က မြို့တော်စည်ပင် သာယာ ရေးကော်မတီ က သုံးစွဲမည့် အသုံးစရိတ်များကို လွှတ်တော်အမတ်များသို့ ရှင်းပြခဲ့သေးသည်။

ယင်းအသုံးစရိတ်ငွေလျာထားချက်နှင့်ပတ်သက်ပြီး လွှတ်တော်တွင် လာမည့် နိုဝင်ဘာ ၇ ရက်တွင် ဆွေးနွေး မည်ဖြစ်ပြီး နိုဝင်ဘာ ၅ ရက်တွင် နောက်ဆုံးစာရင်းပေးရမည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးစိန်တင်ဝင်းက လွှတ်တော်ကိုယ်စားလှယ်များကို ကြေညာခဲ့သည်။

(မဇ္ဈိမသတင်းဌာန)

No comments:

Post a Comment