Sunday, November 3, 2013

မြန်မာနိုင်ငံအပေါ် တရုတ်၏ မဟာဗျူဟာ လွှမ်းမိုးမှုကို ထိန်းညှိနိုင်ရန်အတွက် အိန္ဒိယက မြန်မာကို စစ်ရေးအကူအညီ တိုးမြှင့်ပေးမည်

မြန်မာနိုင်ငံအပေါ် တရုတ်၏ မဟာဗျူဟာ လွှမ်းမိုးမှုကို ထိန်းညှိနိုင်ရန်အတွက် အိန္ဒိယက မြန်မာနှင့် ပိုမိုပူးပေါင်းကာ စစ်ရေးအကူအညီ တိုးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း The Times of India သတင်းစာ၏ ဖော်ပြချက်အရ သိရသည်။
အိန္ဒိယကြည်းတပ် ဦးစီးချုပ်၏ မြန်မာနိုင်ငံသို့ လာရောက်သည့် ခရီးစဉ်တွင် သမ္မတ ဦးသိန်းစိန် ၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ကာကွယ်ရေး လုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ခြင်းကို တိုးမြှင့်ရန် ဆွေးနွေးခဲ့သည်။
"မြန်မာဟာ စစ်လက်နက် ပစ္စည်းတွေ ထောက်ပံ့ခြင်း၊ စစ်ရေး လေ့ကျင့်ပေးခြင်းနဲ့ နယ်စပ်ဒေသ ပူးပေါင်းဆောင်ရွက်ရေး အစရှိတဲ့ ကာကွယ်ရေး ကဏ္ဍတွေမှာ အိန္ဒိယနဲ့ ပူးပေါင်းလုပ်ဆောင်နေတာကို တိုးမြှင့်ဖို့ စိတ်အားထက်သန် နေပါတယ်။ အိန္ဒိယ တပ်မတော် လေ့ကျင့်ရေးအဖွဲ့တစ်ခုကို သိပ်မကြာခင် အချိန်မှာ မြန်မာ့မြေပေါ်မှာ ထားရှိဖို့ကိုလည်း သဘောတူခဲ့ပါတယ်"ဟု အိန္ဒိယ တပ်မတော်မှ အရာရှိ တစ်ဦးက ဆိုသည်။
အိန္ဒိယ ကြည်းတပ်ဦးစီးချုပ်၏ ခရီးစဉ်တွင် မြန်မာ့တပ်မတော် လေ့ကျင့်ရေးတွင် အသုံးပြုရန်အတွက် စစ်ရေး လေ့ကျင့်မှု ဆော့ဖ်ဝဲနှစ်ခုဖြစ်သည့် စစ်မြေပြင် ဆုံးဖြတ်ချက် ချမှတ်ခြင်းနှင့် ခြေလျင် တပ်မှူး လေ့ကျင့်ရေး ဆော့ဖ်ဝဲများလည်း ပေးအပ်ခဲ့သည်။ "အခုလက်ရှိမှာ ကိုပဲ မြန်မာ့ တပ်မတော် က နှစ်စဉ် စစ်အရာရှိဦးရေ ၁၀၀ ခန့်ဟာ အိန္ဒိယမှာရှိတဲ့ စစ်သင်တန်းကျောင်းတွေမှာ တက်ရောက် လေ့ကျင့် သင်ကြားနေပါတယ်"ဟု အဆိုပါ စစ်အရာရှိကပင် ဆက်လက်ပြောကြားသည်။
"သူတို့က တခြား နယ်ပယ်တွေထက် သံချပ်ကာတပ်တွေဖြစ်တဲ့ တင့်ကားနဲ့ ခြေလျင်တိုက်ပွဲဝင် ယာဉ်သင်တန်းတွေ၊ နည်းပညာ သင်တန်းတွေ၊ အင်္ဂလိပ်စာနဲ့ ထောက်လှမ်းရေး သင်တန်းတွေကို သင်ယူဖို့ပိုပြီး စိတ်ဝင်စားကြပါတယ်။ မြန်မာဘက်က ကာကွယ်ရေး ဦးစီးချုပ်က အိန္ဒိယကို ဒီဇင်ဘာ ၁၁ ရက်မှ ၁၄ ရက်ထိ လာရောက် လည်ပတ်ပါလိမ့်မယ်"ဟု ၎င်းက ပြောကြားသည်။

Eleven

No comments:

Post a Comment