Thursday, December 12, 2013

မြန်မာနိုင်ငံအတွင်း၌ ကျေးရွာပေါင်း ၆၄၀၀၀ ကျော်ရှိပြီး လေးသောင်းကျော်မှာ လျှပ်စစ်မီး မရရှိ

မြန်မာနိုင်ငံအတွင်း၌ ကျေးရွာပေါင်း ၆၄၀၀၀ ကျော်ရှိပြီး ကျေးရွာပေါင်း လေးသောင်းကျော်မှာ လျှပ်စစ်မီး မရရှိသေးသည့်အတွက် နိုင်ငံတကာအကူအညီများဖြင့် စီစဉ်ဆောင်ရွက်နေကြောင်း မွေးမြူရေး၊ ရေလုပ် ငန်းနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက ပြောကြားပါသည်။
တစ်နိုင်ငံလုံးတွင် ကျေးရွာ စုစုပေါင်း ၆၄၉၁၇ ရွာရှိပြီး ကျေးရွာပေါင်း နှစ်သောင်းခန့်သာ လျှပ်စစ်မီး ရရှိ ထားပြီး ယင်းရွာများအား ဒီဇယ်အင်ဂျင်၊ အသေးစားရေအားလျှပ်စစ်၊ Bio Gas၊ Bio Mass တို့ဖြင့် လျှပ်စစ် ဓာတ်အား ပေးနေကြောင်းသိရသည်။
" လျှပ်စစ်မီးရရှိဖို့အတွက် ကျေးရွာပေါင်း လေးသောင်းကျော် ကျန်သေးတယ်။ နိုင်ငံတကာက မီးလင်းရေးနဲ့ ပတ်သက်တဲ့ အကူအညီများနဲ့ မီးလင်းဖို့ဆောင်ရွက်နေပါတယ်။ တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးမှာ လျှပ်စစ်မီးရဖို့ ကျန်နေသေးတယ် " ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်ဦးက ပြောပါသည်။
" အရင်တုန်းက ကျွန်တော်တို့ရွာမှာ  ဒီဇယ်အင်ဂျင် လျှပ်စစ်မီးပေးတဲ့သူရှိတယ်။မီးပေးတဲ့သူက တစ်ရွာ လုံးကို လုံလုံလောက်လောက် မပေးနိုင်ဘူး။ ဘာမှအဆင်မပြေဘူး။ အဲဒီ မီးပေးတဲ့သူက တစ်လကြာအောင် မပေးနိုင်ဘူး။ အရင်းပြုတ်သွားတယ်။ ဘာပဲဖြစ်ဖြစ် လျှပ်စစ်မီးလေးရရင် ကျွန်တော်တို့ အတွက် အဆင်ပြေတာပေါ့။ ရွာသာယာတာပေါ့။ ဖယောင်းတိုင်သုံးရတာက ငွေပိုကုန်တယ်။ လျှပ်စစ်မီးလေးတော့ လိုချင်တယ် " ဟု ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၊ ကွင်းကြီးကျေးရွာမှ ကိုမျိုးထက်က ပြောပါသည်။
ပြည်ထောင်စုအစိုးရအဖွဲ့မှ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် သက်ဆိုင်ရာဝန်ကြီးဌာနအား ငွေကျပ်သန်း ၇၅၀၀၀ ယခုဘဏ္ဍာရေးနှစ်အတွင်း ချထားပေးသည်ဟု သိရသည်။

Eleven

No comments:

Post a Comment