Monday, December 9, 2013

သမ္မတထံသို့ လွှတ်ပေးရန် တင်ပြမည့် နိုင်ငံရေး အကျဉ်းသားများ စာရင်းတွင် သံချောင်း (ခေါ်) စ၀်ခွန်ကျော်အား ထည့်ရန်သင့်မသင့် နိုင်/စစ် ကော်မတီဝင်များအကြား အငြင်းပွား

နိုင်ငံတော် သမ္မတထံသို့ လွှတ်ပေးရန် တင်ပြမည့် နိုင်ငံရေး အကျဉ်းသားများ စာရင်းတွင် သံချောင်း (ခေါ်) စ၀်ခွန်ကျော်အား ထည့်ရန်သင့်မသင့်နှင့် ပတ်သက်၍ လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော် မတီ အဖွဲ့ဝင် များအကြား အငြင်းပွားမှု ဖြစ်နေဟု ကော်မတီအဖွဲ့ဝင် ဦးရဲအောင်က ဒီဇင်ဘာ ၈ ရက်က ဆိုသည်။

ဦးသံချောင်း (ခေါ်) စ၀်ခွန်ကျော်အား နိုင်ငံရေး အကျဉ်းသားအဖြစ် စိစစ်ရန် ရှမ်းပြည်ပြန် လည်ထူထောင်ရေး ကောင်စီ (RCSS)က ထောက်ခံထားပြီး ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)က ထပ်ဆင့်ထောက်ခံချက် ပေးထားကြောင်း သိရသည်။ "ကျွန်တော်တို့ အနေနဲ့လည်း ကိုသံချောင်းကို ပါဂျောင်ကိစ္စကတစ်ခု မြောက်ပိုင်းကိစ္စက လောလောဆယ် RCSS နဲ့ကျတာ တကယ့်ကို သုံ့ပန်းသဘောမျိုး အဖမ်းခံရတာဖြစ်တော့ နိုင်ငံရေး အကျဉ်းသား ဖြစ်တယ်လို့ ကျွန်တော်တို့က အပြည့်အ၀ ထောက်ခံထားတယ်။ ဒါပေမဲ့ ဘာဖြစ်နေလဲဆိုတော့ ကိုသံချောင်းက မြောက်ပိုင်းကိစ္စတွေမှာ နာမည်ကြီး ဖြစ်နေတယ်။ နောက်ပြီး သူ့ကို ထောင်ချတဲ့ အထဲမှာ ၃၀၂ ပုဒ်မတွေလည်း ပါတယ်။ လူသတ်မှုတွေပေါ့။ အဲဒီဟာကြောင့် တချို့ကော်တီဝင်တွေထဲမှာ ဒီအပေါ်နဲ့ ပတ်သက်ပြီး လောလောဆယ် မလွှတ်ပေးချင်တဲ့ အငြင်းအခုံလေးတွေ ဖြစ်နေတယ်" ဟု ဦးရဲအောင်က ပြောကြားသည်။

"သူ့မိခင် အဖွဲ့အစည်းဖြစ်တဲ့ RCSS ကလည်း ဒီရက်ပိုင်းထဲမှာ ကိုသံချောင်းနဲ့ ပတ်သက်ပြီး တစ်ခုခုတော့ ထုတ်ပြန်လိမ့်မယ်လို့လည်း ထင်ပါတယ်။ လွှတ်ပေးဖို့ နိုင်ငံတော် သမ္မတဆီကို တင်မယ့် စာရင်းထဲမှာ သူ့ကိုထည့်သွင်းသင့် မသွင်းသင့် ကော်မတီဝင်တွေကြားမှာ အငြင်းပွားမှု ဖြစ်နေတာပါ။ လုံးဝ Clear ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား စာရင်းထဲမှာ မထည့်သွင်းဘဲနဲ့ သူကလူသတ်မှုတွေနဲ့ ရောထွေးနေ တယ်ပေါ့" ဟု ၎င်းကဆိုသည်။ ဦးသံချောင်း (ခေါ်) စ၀်ခွန်ကျော်သည် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS) နှင့် ဆက်နွှယ်ပြီး ပြစ်ဒဏ်ကျခံ နေရသောကြောင့် နိုင်ငံရေး အကျဉ်းသား အဖြစ် စိစစ်နေခြင်းဖြစ်ပြီး ပါဂျောင်ကိစ္စကိုမူ ဥပဒေအရ ဆက်လက်ဆောင်ရွက်၍ ရသည်ဟု ကော်မတီ အဖွဲ့ဝင်များထံမှ သိရသည်။

ပါဂျောင်တွင် ဖြစ်ပွားခဲ့သည့် ကျောင်းသားအချင်းချင်း စွပ်စွဲသတ်ဖြတ်မှုများနှင့် ပတ်သက်၍ သေဆုံးသူ များ၏ မိသားစုဝင် များက ပြစ်မှုကျူးလွန်သူများ ဥပဒေကြောင်းအရ အရေးယူနိုင်ရန် သက်ဆိုင်ရာသို့ တိုင်ချက်ဖွင့်လှစ်ခြင်း၊ နိုင်ငံတော် သမ္မတထံသို့ စာရေးသား ပေးပို့ခြင်းများ ပြုလုပ်ခဲ့ကြသည်။

Eleven Media Group

No comments:

Post a Comment