Friday, December 13, 2013

သူရိယနေ၀န်းဂျာနယ်တွင် ဖော်ပြမှုများ လက်ရှိအစိုးရကို ထိခိုက်စေဟု ပြန်ကြားရေး ထုတ်ပြန်

သူရိယနေ၀န်းဂျာနယ်ပါ ရေးသားဖော်ပြမှုများသည် စာနယ်ဇင်းကျင့်ဝတ်များနှင့် မညီညွတ်ဘဲ၊ လက်ရှိ အစိုးရကို ထိခိုက်စေသည်ဟုဆိုကာ ညိှနှိုင်းဆောင်ရွက်ရန် ပြန်ကြားရေးဝန်ကြီးဌာနက မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သို့ ဒီဇင်ဘာ ၁၂ ရက်တွင် အကြောင်းကြားလိုက်သည်။

သူရိယနေ၀န်းဂျာနယ်မှ ထွက်ရှိခဲ့သည့် ဂျာနယ်အမှတ်စဉ်အားလုံး၏ အရေးအသားများမှာ စာနယ်ဇင်း ကျင့်ဝတ် များနှင့် ညီညွတ်မှုမရှိဘဲ လက်ရှိအစိုးရအား ထိခိုက်စေသည့် ရေးသားချက်များ ပါဝင်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် အ၀ါရောင်စာပေ၊ အမုန်းစကားများသာဖြစ်သည်ဟု ဂျာနယ်များနှင့် ပြင်ပလောက တွင် ရေး သားနေ ကြသည့် အပြင် ဂျာနယ်၌ ရေးသားဖော်ပြချက်များသည် စာနယ်ဇင်းကျင့်ဝတ်နှင့် မညီညွတ်ဟု ဂျာနယ်၏ အမှုဆောင်အရာရှိတစ်ဦးဖြစ်သူ ဦးမိုးဟိန်းကိုယ်တိုင် အင်တာဗျူးတစ်ခုတွင် ဖြေကြား ထားသည်ဟု ဖော်ပြ ပါရှိသည်။

ယင်းနှင့်ပတ်သတ်၍ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေကို မဇ္ဈိမမီဒီယာက ညနေ ၆ နာရီခန့်က ဆက်သွယ်မေးမြန်းရာ ကောင်စီသို့ တရားဝင် စာမရောက်ရှိသေးသည့် အပြင် ထုတ်ပြန်ချက်တွင် ကောင်စီသို့ ပို့ခဲ့သည့် ရက်စွဲနှင့် စာအမှတ် မပါရှိဟု ပြန်လည် ဖြေကြားသည်။

“စာနယ်ဇင်းကောင်စီအနေနဲ့မဟုတ်ဘဲ ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင် ကျင့်ဝတ်ဆိုတာ မဖြစ်မနေ လိုက်နာရမှာမျိုး မဟုတ်ပါဘူး မီဒီယာတစ်ခုချင်း၊ တစ်ဦးချင်းရဲ့ သိက္ခာနဲ့ စိတ်ထားပါပဲ”ဟု ပြောသည်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အနေဖြင့် မီဒီယာလောကတွင် တစ်စုံတစ်ရာအတွက် တွန်းအားပေး ခွင့်မရှိဘဲ စေ့စပ်ညှိနှိုင်းမှုသာ ပြုလုပ်ခွင့်ရှိသည်ဟု ဆိုသည်။

သူရိယနေ၀န်း အပတ်စဉ်ဂျာနယ်၏ အမှုဆောင်အရာရှိချုပ် ဦးမိုးဟိန်းက မြန်မာနိုင်ငံ စာနယ်ဇင်းကောင် စီ(ယာယီ)၊ဂျာနယ်လစ်ကွန်ရက်၊ ဂျာနယ်လစ်သမဂ္ဂ စသည်တို့သည် တစ်နိုင်ငံလုံးအား ကိုယ်စားပြု၊မပြုနှင့် စာနယ်ဇင်းဝါဒ၊ ကျင့်ဝတ်၊ အက်ဥပဒေ၊ အခြေခံမူများကို မည်သူတွေက ရွေးချယ်ထားသနည်းဟု မဇ္ဈိမ၏ မေးမြန်းမှုတစ်ခုတွင် ပြန်လည် မေးခွန်းထုတ်ထားသည်။

ပြန်ကြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် သူရိယနေ၀န်းဂျာနယ်သည် ထုတ်ဝေရန် လျှောက်ထား စဉ်က လိုက်နာကျင့်သုံးရမည့် စံနှုန်းများကို လိုက်နာရန် လက်မှတ်ရေးထိုးခဲ့သော်လည်း အဆိုပါစံနှုန်း များကို ဖောက်ဖျက်လျက်ရှိသည်ဟုလည်း ဖော်ပြထားသေးသည်။ မြန်မာဂျာနယ်လစ်ကွန်ရက်ကလည်း သူရိယအလင်းအပတ်စဉ်ထုတ်ဂျာနယ်၏ ရေးသားဖော်ပြမှုများသည် စာနယ်ဇင်းကျင့်ဝတ်နှင့် မညီဟု အောက် တိုဘာ ၃၀ ရက် ရက်စွဲဖြင့် သဘောထားကြေညာချက် ထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏မြေး နေရွှေသွေးအောင်နှင့်ပတ်သက်သည့် “မော်စကိုမှာ သာတဲ့လ”ဆောင်းပါးကို သူရိယအလင်းဂျာနယ်တွင် ဖော်ပြပြီးနောက် ထုတ်ဝေသူနှင့် အမှုဆောင်အရာရှိချုပ်တို့ သဘောထား မတိုက်ဆိုင်မှု ဖြစ်ပေါ်ပြီးမှ သူရိယနေ၀န်းဂျာနယ်အဖြစ် ပေါ်ပေါက်လာခဲ့သည်။

သူရိယအလင်းဂျာနယ်တွင် ရုရှား မယ်စကြာဝဌာပြိုင်ပွဲသို့ စေလွှတ်ရန် မြန်မာမယ်ရွေး ချယ်မှု နောက်ကွယ် က ခရိုနီကြီးများ၏ အရှုပ်တော်ပုံ သူရိယနေ၀န်းဂျာနယ်တွင် မင်းတို့ခရိုနီတွေ ဘင်္ဂလားပင်လယ်ထဲ ကိုသာ ခုန်ချကြပေတော့၊ ဦးတေဇနှင့် စိန်စီသောညများ စသည့် သတင်းဆောင်းပါးများကို ဖော်ပြခဲ့ဖူး သည်။

ယင်းဖော်ပြချက်နှင့်စပ်လျဉ်း၍ ထူးကုမ္ပဏီအုပ်စုဥက္ကဋ္ဌ ဦးတေဇက တရားစွဲဆိုရန် စီစဉ်နေသည်ဟု ၄င်း ၏ ပြောရေးဆိုခွင့်ရှိသူ ဦးညီညီအောင်က နိုဝင်ဘာလအတွင်း၌ မဇ္ဈိမကို ထုတ်ဖော် ပြောဆိုထားသည်။

Mizzima - News in Burmese

No comments:

Post a Comment