Monday, December 9, 2013

ရန်ကုန်မှ မန္တလေးသွား Elite ခရီးသည်တင်ယာဉ် လမ်းလယ်တုံး ဝင်တိုက်၊ တစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ

ရန်ကုန်၊ မန္တလေး အမြန်လမ်းမ မိုင်တိုင်အမှတ် ၂၄၃ တွင် ဒီဇင်ဘာလ ၇ ရက်နေ့ နံနက် ၂ နာရီဝန်းကျင်က Elite ခရီးသည်တင် (ယာဉ်အမှတ် 1G-3231) အဝေးပြေး ယာဉ်တစ်စီး မတော်တဆ ဖြစ်ပွားခဲ့ကြောင်း အဆိုပါယာဉ်တွင် စီးနင်း လိုက်ပါလာသူ အမျိုးသမီးတစ်ဦးက The Voice သို့ ပြောကြားသည်။

အဆိုပါ ခရီးသည်တင်ယာဉ်တွင် ခရီးသည် ၄၀ ဝန်းကျင် ပါရှိပြီး ရန်ကုန်မြို့၊ အောင်မင်္ဂလာ အဝေးပြေး ကားဝင်းမှ ည ၈ နာရီတွင် ထွက်ခွာခဲ့ကြောင်း၊ မိုင်တိုင်အမှတ် ၁၁၅ တွင် ယာဉ်မောင်း ပြောင်း လဲ မောင်းနှင် ခဲ့ပြီး နံနက် ၂ နာရီခန့် မိုင်တိုင်အမှတ် ၂၄၃ အရောက်တွင် လမ်းလယ်တုံးများကို ဝင်တိုက်မိခြင်း ဖြစ်ပြီး ယာဉ်မောင်းဘေးတွင် လိုက်ပါလာသူ အသက် ၂၅ နှစ်အရွယ် အမျိုးသားတစ်ဦး၏ ခန္ဓာကိုယ် အောက် ပိုင်းတွင် ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ကြောင်း ယင်းအမျိုးသမီး က ပြော ဆိုသည်။

မတော်တဆ ဖြစ်ပွားခဲ့ခြင်းကြောင့် ယာဉ်မှာ ဆိုးဆိုးရွားရွား ပျက်စီးခဲ့ပြီး ခရီးသည်များမှာ ယာဉ်ထဲတွင် နာရီဝက်ခန့် ပိတ်မိနေခဲ့ကြောင်း၊ ယာဉ်၏ ရှေ့ပိုင်းတံခါးမှာ ဖွင့်မရသဖြင့် အရေးပေါ် တံခါးမှတစ်ဆင့် အပြင်သို့ ထွက်ခဲ့ရကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

ယာဉ်မတော်တဆ ဖြစ်ပြီး မကြာခင်တွင် အဆိုပါ ကုမ္ပဏီမှ အဝေးပြေး ခရီးသည်တင် ယာဉ်များ ရောက်ရှိ လာသော် လည်း ၎င်းတို့ကို မည်သည့်ယာဉ်ကမှ ခေါ်ဆောင်ခြင်း မရှိခဲ့ကြောင်း ၎င်းက ဆိုသည်။

“ကျွန်မတို့ ဘယ်နေရာကပဲ လိုက်ရလိုက်ရ လိုက်ပါရစေလို့ ပြောတာတောင် မရဘူး၊ တခြား လိုင်းတွေဆိုရင် ထားပါတော့၊ ဒီကုမ္ပဏီ တစ်ခုတည်း အတူတူတောင် တင်ခေါ် မသွားတာတော့ စိတ်ပျက်မိတယ်၊ ဒဏ်ရာရတဲ့ ကောင်လေးကိုတော့ တခြားကားတစ်စီးနဲ့ တင်ပေးလိုက်တယ်၊ အောက်ပိုင်း တစ်ခုလုံး သွေးတွေ ရွှဲနေတာပဲ၊ အဲဒီနေရာက ဖုန်းလိုင်း မမိတော့ ဘယ်မှ ဆက်သွယ်လို့ မရဘူး” ဟု ၎င်းကဆိုသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ Elite အဝေးပြေး ယာဉ်လိုင်း၏ ဖုန်းနံပါတ် ၀၉ ၇၃၅၅၃၅၅၃ သို့ ဆက်သွယ် မေးမြန်းရာ အဆိုပါ ယာဉ်အမှတ်သည် ၎င်းတို့၏ ယာဉ်လိုင်းတွင် မရှိကြောင်း၊ ၎င်းတို့ ယာဉ်လိုင်းမှ မည်သည့် ခရီးသည်တင်ယာဉ်မှ မတော်တဆ ဖြစ်ပွားခြင်း မရှိကြောင်း အမျိုးသမီး တစ်ဦးက ပြန်လည် ဖြေဆိုခဲ့ပြီး ဖုန်းနံပါတ် ၀၉ ၇၃၂၂၃၂၂၃ နှင့် ဖုန်းနံပါတ် ၀၁ ၆၅၆၈၃၁ များသို့ ထပ်မံအတည်ပြု မေးမြန်းခဲ့ရာ မသိရှိရ သေးကြောင်းသာ ပြန်လည် ဖြေဆိုခဲ့သည်။

ယင်းကိစ္စနှင့် ပတ်သက်၍ The Voice က အမြန်လမ်း အင်ဂျင်နီယာမှူးကြီးရုံးထံသို့ အတည်ပြု မေးမြန်းခဲ့ရာ Elite ခရီးသည်တင်ယာဉ် မတော်တဆမှု ဖြစ်ပွားသည်မှာ မှန်ကန်ကြောင်း တာဝန်ရှိသူ တစ်ဦးက ဖြေကြား သည်။


The Voice

No comments:

Post a Comment