Wednesday, December 18, 2013

တရုတ်နိုင်ငံ ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံသို့ အလည်အပတ် လာရောက်ရန် တရားဝင် ဖိတ်ခေါ်ပြောကြားမှု မရှိကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်း ပြောကြား

တရုတ်နိုင်ငံသို့ သွားရောက်ခဲ့သော လေ့လာရေး ခရီးစဉ်အတွင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံသို့ လာရောက်ဖိတ်ခေါ်ခြင်းမျိုး တရုတ်နိုင်ငံ ဘက်က ပြော ကြားမှု မရှိကြောင်း NLD ပြောရေးဆိုခွင့်ရှိသူ ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်းက The Daily Eleven သတင်းစာသို့ ပြောကြားသည်။
အဆိုပါ ခရီးစဉ်ကို ဒီဇင်ဘာ ၈ ရက်မှ ၁၅ ရက်ထိ ရှစ်ရက်ကြာ သွားရောက်ခဲ့ခြင်းဖြစ်ပြီး ပေကျင်း၊ ရှန်ဟိုင်း၊ ယူနန်ပြည်နယ်များတွင် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ အကောင်အထည် ဖော်နေမှုများအား အဓိကထား လေ့လာခဲ့ရကြောင်း ဦးဥာဏ်ဝင်းက ပြောကြားသည်။
"မြန်မာနိုင်ငံဟာ အခြေအနေကောင်းတွေ အများကြီး ရှိတယ်။ တိုးတက်ဖို့ အခြေခံကောင်းတွေ အများကြီး ရှိတယ်ဆိုတာကို သူတို့လည်း ပြောတယ်။ ကျွန်တော်တို့ကလည်း ဟုတ်တယ်။ လက်ရှိကလည်း တိုး တက်အောင် ကြိုးစားဖို့ ကလည်း အများကြီး လိုသေးတယ် ဆိုတာကို ကျွန်တော်တို့ ဆွေးနွေးကြ တယ်။ မြစ်ဆုံနဲ့ ပတ်သက်ပြီးတော့လည်း တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိပါဘူး" ဟု ဦးဥာဏ်ဝင်း က ပြော ကြားသည်။
ထို့အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တရုတ်နိုင်ငံသို့ လာရောက်ရန် ဖိတ်ခေါ်ခြင်းမျိုး ရှိ၊ မရှိ မေးမြန်းမှုအား ဦးဥာဏ်ဝင်းက "အဲဒါတော့ ကျွန်တော်တို့ မသိဘူး။ ကျွန်တော် တို့ကိုတော့ အဲဒါမပြောဘူး" ဟု ပြောကြားသည်။

အလားတူ ခရီးအတွင်း မြန်မာနိုင်ငံ၌ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်လျက်ရှိသော ၀မ်ပေါင်ကုမ္ပဏီမှ ပေကျင်းရှိ ၀မ်ပေါင်ကုမ္ပဏီ၏ရုံး၌ မြန်မာနိုင်ငံ အတွင်း ကြေးနီ စီမံကိန်းနှင့် ပတ်သက်၍ လုပ်ဆောင်ပေးနေမှုများ အခြေအနေများကို လေ့လာရေးအဖွဲ့အား ရှင်းလင်းမှုများ လုပ်ဆောင်ခဲ့ကြောင်းနှင့် တရုတ်နိုင်ငံ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး၊ ကွန်မြူနစ်ပါတီ အမြဲတမ်းကွန်ဂရက် ဒုဥက္ကဋ္ဌ၊ ပြည်နယ်ကော်မတီများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရကြောင်း ခရီးစဉ်အတွင်း ပါဝင်ခဲ့သော NLD ဗဟိုပြန်ကြားရေးကော်မတီ အဖွဲ့ခေါင်းဆောင် မုံရွာအောင်ရှင်က ပြောကြားသည်။
မြန်မာနိုင်ငံဟာ အခြေအနေကောင်းတွေ အများကြီး ရှိတယ်။ တိုးတက်ဖို့ အခြေခံကောင်းတွေ အများကြီး ရှိတယ်ဆိုတာကို သူတို့လည်း ပြောတယ်။ ကျွန်တော်တို့ကလည်း ဟုတ်တယ်။ လက်ရှိကလည်း တိုးတက်အောင် ကြိုးစားဖို့ကလည်း အများကြီး လိုသေးတယ် ဆိုတာကို ကျွန်တော်တို့ ဆွေးနွေးကြ တယ်။ မြစ်ဆုံနဲ့ ပတ်သက်ပြီးတော့လည်း တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိပါဘူး . . . . .

"နိုင်ငံချစ်ကြည်ရေး တိုးမြှင့်ဖို့ရယ်။ အဓိကကတော့ နှစ်ပါတီပေါ့ဗျာ။ NLD နဲ့ တရုတ်ကွန်မြူနစ်ပါတီ ဆက်ဆံရေးကို တိုးမြှင့်ဖို့ ဒါကိုအဓိကထား ပြောတာပါပဲ" ဟု မုံရွာအောင်ရှင်က ပြောကြားသည်။
ယခုခရီးစဉ်အား တရုတ်နိုင်ငံ နိုင်ငံခြားရေး ဌာနမှ ဖိတ်ခေါ်ခြင်းဖြစ်ပြီး NLD ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်း၊ ဗဟိုပြန်ကြားရေးကော်မတီ အဖွဲ့ခေါင်းဆောင် မုံရွာအောင်ရှင်၊ စီးပွားရေးကော်မတီမှ ဦးမျိုးမြင့်နှင့် ဦးလေးညွန့်၊ ဗဟိုလူမှု အထောက်အကူပြု အဖွဲ့မှ ဒေါ်ကြည်ကြည်ဝင်း (စမ်းချောင်း) ၊ ဒေါ်ကြည်ကြည်ဝင်း (ကြည့်မြင်တိုင်)၊ ဗဟိုလူငယ်ညီလာခံ ကျင်းပရေးကော်မရှင် အဖွဲ့ဝင် ဦးလှဦးအပါအ၀င် စုစုပေါင်း အဖွဲ့ဝင် ၁၀ ဦး သွားရောက်ခဲ့ကြောင်း သိရသည်။
တရုတ်နိုင်ငံခြားရေး ဌာနမှ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်သို့ ဖိတ်ကြားမှုသည် ပထမဆုံးအကြိမ်ဖြစ်ပြီး ယခင်အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီဝင်များ သွားရောက်ခဲ့သော ခရီးစဉ်များမှာ တရုတ်ကွန်မြူနစ် ပါတီ၏ ဖိတ်ကြား ချက်ဖြင့် သွားရောက်ခြင်းဖြစ်ကြောင်း သိရသည်။

ထိုသို့ တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ၏ ဖိတ်ကြားချက်အရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်မှ လေ့လာရေး ကိုယ်စားလှယ်များသည် တရုတ်နိုင်ငံသို့ လာရောက်လေ့လာရန် အဖွဲ့နှစ်ဖွဲ့ခွဲကာ ပါတီဗဟို အလုပ် အမှုဆောင် များနှင့် လွှတ်တော်ကိုယ်စားလှယ်များ ပါဝင်သည့် အဖွဲ့သည် ၂၀၁၃ ခုနှစ် မေလအတွင်း သွားရောက်ခဲ့ပြီး ဇွန်လအတွင်း၌လည်း NLD လူငယ်အဖွဲ့ သွားရောက်ခဲ့ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment