Tuesday, January 28, 2014

တယ်လီနောနှင့် အော်ရီဒူးကို ဆက်သွယ်ရေးလိုင်စင် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် ချပေးမည်

ဆက်သွယ်ရေး အော်ပရေတာ လုပ်ကိုင်ခွင့် တင်ဒါအောင်မြင်ထားသော တယ်လီနောနှင့် အော်ရီဒူးကုမ္ပဏီ တို့၏ လုပ်ငန်းလိုင်စင်ကို ဇန်နဝါရီလ ၃၀ ရက်နေ့တွင် တရားဝင် လက်မှတ်ရေးထိုး ချထားပေး မည် ဖြစ်ကြောင်း ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းထွန်းအောင် က ပြောကြား သည်။

“အစိုးရဘက်က ရွေးချယ်ခံထားရတဲ့ မိုဘိုင်းလ် အော်ပရေတာနှစ်ခုကို ဒီလ ၃၀ ရက်နေ့မှာ လက်မှတ် ထိုးပေးဖို့ လျာထားတယ်” ဟု ၎င်းက ဆိုသည်။ မြန်မာအစိုးရက လိုင်စင်အတည်ပြုပြီးနောက် လိုင်စင် ဆိုင်ရာ စာရွက်စာတမ်းကို တယ်လီနော မြန်မာဘက်မှ စိစစ်နေပြီး သက်မှတ်ထားသော အချိန်တွင်း အစိုးရထံ အကြောင်းပြန်ကာ လိုင်စင်ယူမည်ဖြစ်ကြောင်း တယ်လီနောမြန်မာ ကုမ္ပဏီထံမှ သိရသည်။

ဖုန်းဆင်းမ်ကတ် ရောင်းချခြင်းကို အော်ရီဒူးက လိုင်စင်ရပြီး ခြောက်လအကြာတွင် စတင်မည်ဖြစ်ပြီး တယ်လီနောက ရှစ်လအကြာတွင် စတင်မည်ဟု ကြေညာထားသည်။ တယ်လီနော ကုမ္ပဏီသည် ငါးနှစ် အတွင်း မိုဘိုင်းလ် ဝန်ဆောင်မှုနှင့် ဆင်းမ်ကတ် ရောင်းချမည့် လက်လီဆိုင်ခွဲပေါင်း တစ်သိန်းအထိ ဖွင့်လှစ်ပြီး ဝန်ထမ်း ၉၉ ရာခိုင်နှုန်းကိုလည်း ပြည်တွင်းမှ ဒေသခံများကိုသာ ခန့်အပ်သွား မည်ဖြစ်ကြော င်း ကြေညာထားသည်။

အော်ရီဒူး ကုမ္ပဏီကလည်း ၅ နှစ်အတွင်း ဆင်းမ်ကတ်အရောင်းဌာန ၂၄၀,၀၀၀ နှင့် လက်ခွဲအရောင်းဌာန ၇၂၀,၀၀၀ အထိ ဖွင့်လှစ်ပြီး ပြည်တွင်းဝန်ထမ်း ၉၉ ဒသမ ၉ ရာခိုင်နှုန်း ခန့်အပ်သွားမည်ဖြစ်သည်။

ယမန်နှစ်အတွင်းက လိုင်စင်ကိစ္စ အပြီးသတ်မည်ဟု ဆိုခဲ့သော်လည်း အချိန်များစွာ နောက်ကျပြီးမှ အပြီး သတ်နိုင်ခြင်းမှာ နိုင်ငံတကာတွင် မျက်နှာပျက်စရာဖြစ်ကြောင်း ကွန်ပျူတာပရိုဂရမ်မာ တစ်ဦးဖြစ်သူ ဦးဖြိုးဝေမြင့် က သုံးသပ်သည်။

မြန်မာ့ဆက်သွယ်ရေး၊ ရတနာပုံတယ်လီပို့၊ တယ်လီနောနှင့် အော်ရီဒူး စသည့် ဆက်သွယ်ရေး အော်ပရေ တာ ကုမ္ပဏီများအနေနှင့် ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း မိုဘိုင်းလ်ဖုန်း အလုံးရေ ၃၉ ဒသမ ၅ သန်း ချထားပေးရမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ကြေ ညာ ထားသည်။

ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာနက ပြီးခဲ့သော ၂၀၁၃ ခုနှစ် ဇူလိုင်လ အတွင်း က နော်ဝေအစိုးရမှ ၅၄ ရာခိုင်နှုန်း ပိုင်ဆိုင်သည့် တယ်လီနောကုမ္ပဏီနှင့် ကာတာအစိုးရ ပါဝင်ပတ်သက်မှုရှိသော အော်ရီဒူးကုမ္ပဏီတို့ကို ပြည်တွင်းတွင် မိုဘိုင်းလ်ဆက်သွယ်ရေး အော်ပရေတာ လုပ်ငန်းလုပ်ကိုင်ရန် ရွေးချယ်ခဲ့ကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၂၈ ရက်နေ့ထုတ် The Voice သတင်းစာ တွင် ဖော်ပြထားပါသည်။

Khit Lu Nge

No comments:

Post a Comment