Friday, January 3, 2014

ပြည်သူများ ဘေးအန္တရာယ် ကင်းစေရန်အတွက် မြို့နယ်အုပ်ချုပ်ရေးက သံဃာများကို ၂၄ နာရီ ပဋ္ဌာန်းရွတ်ရန် ခိုင်းစေ

၂၀၁၄ နှစ်သစ်တွင် ပြည်သူအများ ဘေးအန္တရာယ် ကင်းရှင်းစေရန် ဟူသော အကြောင်းဖြင့် မြို့နယ် အုပ်ချုပ်ရေး တာဝန်ရှိသူများက သံဃာတော်များ အား ၂၄ နာရီ အသံမစဲ ပဋ္ဌာန်းရွတ်ဖတ်ကြရန် တိုက်တွန်း ညွှန်ကြား ခဲ့ကြောင်း ကျိုက်လတ်မြို့နယ်ရှိ သံဃာတော်များက ပြောသည်။
““ဦးဇင်းတို့ကို ဒီဇင်ဘာ ၃၁ ရက်နေ့ကနေ ဇန်န၀ါရီ ၁ ရက်နေ့အထိ ၂၄ နာရီ ပဋ္ဌာန်း ရွတ်ပေး ရမယ်လို့ ကျေးရွာ အုပ်ချုပ်ရေးမှူးက လာလျှောက် တာ။ သူတို့ အုပ်ချုပ်ရေးဆိုင်ရာ ရုံးနေရာမှာ ရွတ်ဖို့ပေါ့”” ဟု ဓမ္မသီရိ ကျောင်းတိုက် ဆရာတော်က မြို့နယ်အုပ်ချုပ်ရေးမှူး ၏ စေခိုင်းချက်ဖြင့် ကျေးရွာ အုပ်ချုပ်ရေးမှူး ကပဋ္ဌာန်း ရွတ်ရန် လာရောက် လျှောက်ထားပုံကို ရှင်းပြသည်။

““ဦးဇင်းတို့အနေနဲ့ ဒီလိုအုပ်ချုပ်ရေးပိုင်းက တာဝန်ပေး ရွတ်ခိုင်း တာမျိုးတော့ မလုပ်နိုင်ဘူး။ နောက်မြို့နယ် သံဃနာယကလည်း ဒီနေ့ဒီအချိန်မှာ ရွတ်ပေးကြပါလို့ အကြောင်းကြား မထားဘူး။ ကျောင်းမှာကလည်း သံဃာနည်းတော့ ၂၄နာရီကို ဘယ်လိုမှရွတ်လို့ မရဘူး။ ကိုယ့်ဒါယကာ၊ ဒါယိကာမတွေ အေးချမ်းဖို့ အန္တရာယ် ကင်းဖို့ အတွက်တော့ လပြည့်၊ လကွယ်နေ့တွေမှာ အမြဲတမ်းပဋ္ဌာန်း တရားတော်တွေကို ရွတ် ဖတ်နေတာပါ”” ဟု ဆရာတော်က ဆက်လက် မိန့်ကြားခဲ့သည်။ …

ဧရာဝတီ တိုင်းဒေသကြီး ကျိုက်လတ်မြို့နယ်တွင် မြို့နယ် အုပ်ချုပ်ရေး အဆင့်ဆင့်မှ ၂၀၁၃ ခုနှစ် အကုန် ၂၀၁၄ နှစ်သစ်ကာလတွင် ပြည်သူများ အန္တရာယ်ကင်းစေရန် ဟူသော အကြောင်းပြချက်ဖြင့် မြို့ပေါ်တွင် ပဋ္ဌာန်းရွတ်ခဲ့ရာ ကျိုက်လတ်မြို့ရှိ တိလောကမာရဇိန် ဘုရားကြီး၊ အောင်ချမ်းသာ ဘုရားကြီးစသော ဘုရား များနှင့် နီးစပ်သော ဘုန်းတော်ကြီး ကျောင်းများမှ သံဃာတော်များက အသံမစဲ မဟာပဋ္ဌာန်း ရွတ်ဖတ် ခဲ့ကြောင်း သိရှိရသည်။

ယခုကဲ့သို့ ၂၄ နာရီ အသံမစဲ ပဋ္ဌာန်းရွတ်ဖတ်ရန် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးက ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအား မှာကြား၍ နီးစပ်ရာ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များကို လျှောက် ထားရာတွင် အုပ်ချုပ်ရေးပိုင်းက တာဝန်ပေးစေခိုင်းသည့် သဘော သက်ရောက်ကြောင်း မြို့နယ် သံဃ နာယက အဖွဲ့က ယင်းကိစ္စနှင့် ပတ်သက်၍ မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ၂၄ နာရီပဋ္ဌာန်း ရွတ်ဆို ကြရန် လျှောက်ထားစာ ပေးပို့ထားခြင်း မရှိကြောင်း မြို့နယ် အတွင်းရှိ သံဃာများထံမှ သတင်းရရှိသည်။

MH-0033
Myanmartandawsint Newspaper

No comments:

Post a Comment