Monday, January 13, 2014

သုဝဏ္ဏဘူမိမြို့ဟောင်း တူးဖော်ရန် ယဉ်ကျေးမှုဝန်ကြီးဌာန ကျပ်သိန်း ၂၀၀ ရရှိ

မွန်ပြည်နယ် သထုံခရိုင် အတွင်းရှိ မွန်ဘုရင်များ နန်းတည်ခဲ့သည့် သုဝဏ္ဏ ဘူမိမြို့ဟောင်း တူးဖော် ရန် ပြည်ထောင်စု ယဉ်ကျေးမှုဝန်ကြီးဌာနက ၂၀၁၄ ဘဏ္ဍာနှစ်အတွက် ငွေကျပ်သိန်း ၂၀၀ ကို အတည်ပြု လိုက်ပြီး ဖြစ်ကြောင်း မွန်ပြည်နယ် စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုး က ပြောကြားသည်။ 
ဝင်းကမြို့ရိုးနေရာနှင့် အရပ်သမ အဆောက်အအုံ ကုန်းနေရာကို ဇန်နဝါရီလအတွင်း တူးဖော် သွား မည် ဖြစ်ကြောင်း၊ မြို့ဟောင်း နေရာများသည် ရော်ဘာပင်များနှင့် တောင်ထန်းပင် များသာ ရှိပြီး လူနေအိမ် များ မရှိသေးခြင်းကြောင့် မြို့ဟောင်း တူးဖော်ရန် အကောင်းဆုံးနေရာ ဖြစ်ကြောင်းနှင့် လူနေအိမ်များ ထူထပ်နေ သည့် သုဝဏ္ဏဘူမိ မြို့ဟောင်း နေရာများကို တူးဖော်သွားမည် မဟုတ်ကြောင်း သမိုင်းသုတေသန လက်ထောက် ညွှန်ကြားရေးမှူး (ငြိမ်း) ဦးစံဝင်းက ဆက်လက်ပြောကြားသည်။ 

တူးဖော်မှုများ ပြုလုပ်ရန် မြေပြင် ညှိနှိုင်းမှုများအတွက် ပြည်နယ်ဝန်ကြီး ဒေါက်တာ မင်းနွယ်စိုးနှင့် အတူ ဇန်နဝါရီလ ၁၂ ရက်နေ့တွင် သမိုင်းသုတေသန ပညာရှင် ဦးစံဝင်းနှင့် ရှေးဟောင်း ယဉ်ကျေးမှုဌာနမှ တာဝန်ရှိသူ တစ်ဦးတို့က မြေပြင် အနေအထားများကို သွားရောက် လေ့လာမည် ဖြစ်ပြီး တူးဖော်မှု အပိုင်းကို ယဉ်ကျေးမှု ဝန်ကြီးဌာနမှ သမိုင်း သုတေသနမှူး ဦးကျော်မင်းဦး ဦးဆောင်သည့် အဖွဲ့က တူးဖော်မှုများ ပြုလုပ် သွားမည် ဖြစ်ကြောင်း ဒေါက်တာမင်းနွယ်စိုးက ဆိုသည်။ 

“တူးဖော်မယ့်နေရာ လေးနေရာရှိတယ်။ အဆောက်အအုံ ကုန်းဖြစ်တဲ့ အရပ်သမမှာ နှစ်နေရာ၊ မြို့ရိုးကုန်းဖြစ်တဲ့ ဝင်းကမှာ နှစ်နေရာ၊ ဝင်းကမြို့ရိုးကုန်း နှစ်နေရာမှာ တစ်နေရာက ပေငါးရာမြင့် တဲ့ တောင်ပေါ် မှာ ဖြစ်နေတယ်။ အဲဒီတောင်ပေါ်မှာ သုဝဏ္ဏဘူမိ မြို့ရိုးကြီး ရှိနေတယ် ဆိုတာကို တူးပြ မယ်။ မြသပိတ်တောင်ပေါ်က မြဘုန်းရှိန်စေတီနှင့် ကေလာသ တောင်တက်လမ်းက ကျောက်သမ္ဗာန်စေတီ ကြားမှာရှိတဲ့ မြို့ရိုးကိုတူးမယ်” ဟု ဦးစံဝင်းက ဆိုသည်။ 

မြန်မာနိုင်ငံအောက်ပိုင်း စစ်တောင်းမြစ်ဝှမ်း ပတ်ဝန်းကျင်မှ တောင်ဘက်သံလွင် မြစ်ဝအထိ သုဝဏ္ဏဘူမိ တည်နေရာ ဖြစ်ပြီး ဇုတ်ကလိ၊ ဇုတ်သုတ်၊ မုသင်း၊ တိုက်ကုလား၊ သထုံခရိုင် ဘီလင်းမြို့နယ် ကေ လာသ တောင်ခြေ ပတ်ဝန်းကျင်များသည် ဒုတိယ သုဝဏ္ဏဘူမိ မြို့တော်နေရာ ဖြစ်ကြောင်း မွန်သမိုင်း တွင် ဖော်ပြ ထားသည်။

သုဝဏ္ဏဘူမိ မြို့ဟောင်းသည် ကေလာသ တောင်ပေါ်တွင် ကျောက်တုံး များကို စနစ်တစ်ကျ စီလျက် ခင်းထားခြင်း၊ လူသွားလမ်းကြောင်း တစ်လျှောက်တွင် ဂဝံကျောက်အုတ်နှင့် မြေမီးဖုတ် အုတ်ချပ်များ ကို ရောလျက် တွေ့ရခြင်း၊ လမ်ဘေးဝဲယာ နှစ်ဖက် တို့တွင် ချောက်ကမ်းပါးယံ ဖြစ်လျက်ရှိခြင်းနှင့် လမ်းအကျယ်သည် တစ်ပြေးညီ တူညီနေခြင်း တို့ကြောင့် လူတို့ ဖန်တီးထားသောလမ်းများ ဖြစ်ကြောင်း သိသာထင်ရှားသည်ဟု ဆရာဦးစံဝင်း၏ သုဝဏ္ဏဘူမိ သုတေသန စာအုပ်တွင် ရေးသားဖော်ပြထားသည်။ 

၂၀၁၃ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် ပြုလုပ်ကျင်းပသည့် သုဝဏ္ဏဘူမိ သုတေသန အလုပ်ရုံ ဆွေးနွေးပွဲတွင် ဝင်းက၊ သထုံနှင့် ဇုတ်သုတ်ကို သုဝဏ္ဏဘူမိ မြို့ဟောင်း တူးဖော်ရန် တည်နေရာအဖြစ် သတ်မှတ်ထားပြီး ဝင်းက ကို ဦးစွာတူးဖော်မည် ဖြစ်ကြောင်းနှင့် ကျေးရွာ များအောက် ရောက်ရှိ နေသည့် သုဝဏ္ဏဘူမိ မြို့ဟောင်း တည်နေရာများကို မှတ်တမ်း အနေဖြင့်သာ ထားရှိသွားမည် ဖြစ်ကြောင်း ယင်းဆွေးနွေးပွဲ တွင် ကြေညာထားသည်။

The Voice Weekly

No comments:

Post a Comment