Tuesday, January 7, 2014

ယောက်ျားဖြစ်သူ ဖောက်ပြန်မှုကြောင့် ဇနီးသည်နှင့် လေးနှစ်အရွယ်သမီးတို့ အဆိပ်သောက်

ရန်ကုန်၊ မဇ္ဈိမ။ ။ ယောက်ျားဖြစ်သူ အိမ်ထောင်ရေးဖောက်ပြန်မှုကြောင့် ဇနီးသည်နှင့် လေးနှစ် အရွယ် သမီးငယ်တို့ အဆိပ်သောက်ပြီး မိမိကိုယ်ကို သေကြောင်းကြံမှုတစ်ခု ဇန်နဝါရီ ၆ ရက်က ဖြစ်ပွား ခဲ့သည် ဟု ကော့မှူးမြို့နယ်ရဲစခန်းမှူး ဒု-ရဲမှူး တင့်လွင်က မဇ္ဈိမကို အတည်ပြု ပြောသည်။

အဆိုပါ သေဆုံးမှုသည် ကော့မှူးမြို့နယ် လက်ခိုက်ကျေးရွာတွင် ဇန်နဝါရီ ၆ရက် ညနေ ၆ နာရီကျော်က ဖြစ်ပွားခဲ့ရာ နေအိမ်ခြံဝင်းအတွင်း အိမ်သာရှေ့တွင် မနီနီခိုင်(ခ)မနီ (၃၆)နှစ်နှင့် ၄င်း၏ သမီးငယ် မယွန်းယွန်း (၄)နှစ်တို့ကို နှုတ်ခမ်း၊ လျှာများ ပြာနေပြီး ပက်လက်အနေအထားဖြင့် ယှဉ်လျက် သေ ဆုံးနေသည်ကို တွေ့ရှိခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

“အဓိကတော့ အိမ်ထောင်ရေးပြသနာကြောင့်လို့ သိထားတယ်။ သေဆုံးသူက အရင်တုန်း ကလည်း ယောက်ျားနဲ့ ပြဿနာတက်တိုင်း အဆိပ်သောက်မယ်ဆိုပြီး မကြာခဏ ခြိမ်းခြောက်ဖူးတယ်။ ဒါ့အပြင် ထမင်းအိုးထဲကို အဆိပ်ခပ်ပြီး တစ်အိမ်လုံးစားကြမယ်ဆိုပြီးတော့တောင် လုပ်ဖူးတယ်လို့ ကနဦးအနေနဲ့ စစ်ဆေးတွေ့ရှိထားပါတယ်” ဟု စခန်းမှူးဖြစ်သူ ဒု-ရဲမှူး တင့်လွင်က ရှင်းပြသည်။

လက်ရှိတွင် သေဆုံးသူသည် ပိုးသတ်ဆေးရည်မဟုတ်ဘဲ ပိုတက်ပိုးသတ်ဆေးနည်းတူ အဆိပ် ခဲအား သောက် သုံးသေဆုံးရခြင်းဖြစ်သည်ဟု သုံးသပ်ထားပြီး ဆေးရုံ၌ ရင်ခွဲစစ်ဆေးချက် ထွက်ရှိမှသာလျင် အတည်ပြုနိုင်လိမ့်မည်ဟု စခန်းမှူးက ဆိုခဲ့သည်။ သေဆုံးသူ သားအမိ၏ အလောင်းများကို ကော့မှူးဆေးရုံသို့ ပို့ကာ ရင်ခွဲစစ်ဆေးလျှက် ရှိသည်။

ထိုဖြစ်ရပ်ကြောင့် ကော့မှူးမြို့နယ်ရဲစခန်းက သေမှုသေခင်းအမှတ်စဉ် ၁/၂၀၁၄ ဖြင့် အမှုဖွင့်ပြီး ဆက်လက်စစ်ဆေးသွားမည်ဟု စခန်းမှူးက ဆိုသည်။

Mizzima - News in Burmese

No comments:

Post a Comment