Wednesday, January 8, 2014

တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဖြစ်လာနိုင်ရန် လိုအပ်ချက် များစွာရှိနေဟု ကေအင်န်ယူပြောကြား

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ဘားအံဆွေးနွေးပွဲအပြီး တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ်ရပ်စဲရေး ဖြစ်လာနိုင်ရန် လိုအပ်ချက် များစွာရှိနေသည်ဟု ကရင်အမျိုးသား အစည်းအရုံးမှ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင်များအကြား တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ဖြစ်မြောက်လာရန် နိုင်ငံရေးဆွေးနွေးမှုကို အာမခံချက်ပေးသည့် အပစ်အခတ် ရပ်စဲရေးဖြစ်ရန် အဓိကဖြစ်ကြောင်းနှင့် ဘားအံဆွေးနွေးပွဲသည် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေး ဖြစ်လာရန် ရာခိုင်နှုန်းပြည့် မရခဲ့သည့်တိုင် တစ်နိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးကို ရှေ့ဆက်တက်လှမ်းနိုင်မည့် အနေအထား ရှိနေသည်ဟု ၎င်းကဆိုသည်။

ပဒိုစောကွယ်ထူးဝင်းက “အစိုးရဘက်က ၂၀၁၄ ခုနှစ်မှာ နိုင်ငံရေးပြဿနာကို စတင်ဆွေးနွေးနိုင်ဖို့ အတွက်ပေါ့။ ကျွန်တော်တို့ကလည်း ဒါကိုမျှော်လင့်တယ်။ ဒါပေမဲ့ အခုလုပ်နေတာ ကျွန်တော် တို့ နှစ်ဖက်တည်း မဟုတ်ဘူး။ အစိုးရဘက်မှာလည်း အဖွဲ့အများကြီး၊ အမြင်အများကြီး ရှိသလို ကျွန်တော်တို့ဘက်မှာလည်း အဖွဲ့အများကြီး၊ အမြင်အများကြီးရှိတယ်။ ဒါကတော့ ညှိနှိုင်းဆောင်ရွက် သွားရမှာပေါ့။ ၂၀၁၄ ခုနှစ်မှာ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲရေး လုပ်ပြီးမှ နိုင်ငံရေး စတင်ဆွေးနွေးတဲ့ အနေအထားတစ်ခုတော့ ဖြစ်စေချင်တယ်။ တတ်နိုင်သလောက်လည်း ကြိုးစားရမှာပေါ့” ဟု ပြောကြား သည်။

“ဘားအံဆွေးနွေးပွဲကနေ တစ်ပြည်လုံး အတိုင်းအတာ အပစ်အခတ် ရပ်စဲရေးဖြစ်ဖို့ဆိုရင် လိုအပ်ချက်တွေ အများကြီးရှိပါတယ်။ တကယ်လို့ အပစ်အခတ် ရပ်စဲရေး လုပ်မယ်ဆိုရင် ကျွန်တော်တို့ ရည်မှန်းချက်ဖြစ်တဲ့ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမယ့် အာမခံချက် ရှိရမယ်။ နောက်တစ်ချက်က လက်နက်ကိုင် ပဋိပက္ခကို ပြန်မသွားနိုင်တဲ့ အာမခံချက်ရှိရမယ်။ နောက်ပြီးတော့ တာဝန်ရှိတဲ့ တကယ်အာမခံနိုင်တဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေ ပါဝင်ပြီးတော့ လက်မှတ်ထိုးရမယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။

ထို့ပြင် အပစ်အခတ်ရပ်စဲရေး လုပ်ပြီးနောက်ပိုင်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲ ကာလအတွင်း နိုင်ငံရေးအရ တိုင်းရင်သား လက်နက်ကိုင် အဖွဲ့များမှ သဘောတူညီမှု မရသေးချိန်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ရပ်တည်နိုင်ရေးအတွက် အချိန်ကာလ တစ်ခုကို နားလည်မှုပေးရမည့် အနေအထား အာမခံချက်ရှိရန် လိုအပ်သည်ဟုလည်း ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ၏ ဒုတိယအကြိမ် ညီလာခံကို ကရင်ပြည်နယ် ဘားအံ ခရိုင် ကေအင်န်ယူ တပ်မဟာ ၇ တွင် ဇန်န၀ါရီ ၂၀၊ ၂၁ နှင့် ၂၂ ရက်မှ စတင်ကာ သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး ဇန်န၀ါရီ ၂၄၊ ၂၅၊ ၂၆ ရက်များတွင် ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၏ ဘားအံဆွေးနွေးပွဲ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Eleven Media Group

No comments:

Post a Comment