Saturday, January 18, 2014

အမျိုးသမီး တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ ထပ်မံ တာဝန်ပေးရန် ဒေါ်အောင်ဆန်းစုကြည် အကြံပြု

၂၀၀၈ အခြေခံဥပဒေအရ တပ်မတော်သား ၂၅ ရာခိုင်နှုန်း လွှတ်တော်အတွင်း ဆက်ရှိမည် ဆိုပါက အမျိုးသမီးတပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များကို ထပ်မံတာဝန်ပေးအပ် သင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က အကြံပြု ပြောကြား သည်။
တပ်မတော်သား အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နှစ်ဦး နေရာတွင် ဒုတိယဗိုလ်မှူးကြီး ဒေါ်စိုးစိုးမြင့်နှင့် ဒုတိယဗိုလ်မှူးကြီး ဒေါ်စန်းသီတာခင် တို့ကို ယခုကျင်းပနေသော နဝမအကြိမ် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အစားထိုး ခန့်အပ်သည့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၏ လုပ်ဆောင်မှုနှင့် ပတ်သက်၍ ၎င်းက ယင်းသို့ မှတ်ချက်ပြုခြင်း ဖြစ်သည်။ 

“တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေလည်း လွှတ်တော်ထဲမှာ ဆက်ရှိနေမှာပဲ ဆိုတော့ အမျိုးသမီးတပ်မတော်သားကိုယ်စားလှယ်တွေ များများတာဝန်ပေးတာ ကြိုက် တယ်”  ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

အမျိုးသမီးတပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးသာ တာဝန်ပေးအပ် ခြင်းမှာ အလွန် နည်းပါးနေသေးကြောင်း၊ ထပ်မံခန့်မည်ဆိုပါက ကြိုဆိုသွားမည်ဖြစ် ကြောင်း ၎င်းက ဆိုသည်။

အမျိုးသမီးတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များကို တပ်မတော်က တာဝန်ပေး အပ်ခြင်းမှာ တပ်မတော်သား ၂၅ ရာခိုင်နှုန်းက ၂၀၁၅ ရွေးကောက်ပွဲ နောက်ပိုင်းတွင် လွှတ်တော်ထဲမှ ထွက်ခွာလိုခြင်းမရှိသောကြောင့်ဟု ယူဆ ရကြောင်း ဒေါ်အောင်ဆန်းစုကြည် က ထောက်ပြသည်။ 

တပ်မတော်သား အမျိုးသမီး လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ပေးခြင်း မှာ အမေရိကန် သမ္မတ ဂျင်မီကာ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်စဉ်က အကြံပြုခြင်းကြောင့် ဖြစ်ကြောင်း တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်အချို့က ဆိုသည်။ 

ပြည်သူ့လွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် အမျိုးသမီးလွှတ်တော် ကိုယ်စားလှယ် ၂၅ ဦးရှိပြီး အမျိုးသား လွှတ်တော်တွင် အမျိုး သမီး လွှတ်တော် ကိုယ်စားလှယ် လေးဦးရှိကြောင်း လွှတ်တော် မှတ်တမ်းများအရ သိရသည်။

The Voice Weekly

No comments:

Post a Comment