Friday, January 10, 2014

တိုင်းရင်းသားပေါင်းစုံတွေ့ဆုံပွဲ ပြုလုပ်ရန် တောင်ကြီးတက္ကသိုလ်အတွင်း လက်ကမ်းစာစောင်ဝေခြင်း ပါမောက္ခချုပ် တားမြစ်

တောင်ကြီး၊ မဇ္ဈိမ။ ။ တောင်ကြီးတွင် ပြုလုပ်ရန် စီစဉ်ထားသည့် တိုင်းရင်းသားပေါင်းစုံညီအစ်ကို မောင်နှမများ တွေ့ဆုံပွဲ အတွက် တောင်ကြီး တက္ကသိုလ်အတွင်း လက်ကမ်းစာစောင်ဝေသည့် ကျောင်းသားများကို တောင်ကြီးတက္ကသိုလ် ပါမောက္ခချုပ် ဒေါ်မူမူမြင့်က ခေါ်ယူသတိပေးတားမြစ်ခဲ့သည်ဟု ပွဲဖြစ်မြောက်ရေး ကော်မတီဝင် တောင်ကြီးတက္ကသိုလ် ဓာတုဗေဒဌာန နောက်ဆုံးနှစ် တက်ရောက်နေသူ ကိုဝင်းနိုင်ဦးက ပြောသည်။ 

၎င်းက “ ကျွန်တော်တို့ကို ဇန်န၀ါရီ ၈ရက်က ဌာနမှူး ခေါ်တွေ့တယ်၊ ဒီနေ့တော့ (ဇန်န၀ါရီ ၉) တာဝန်ခံ ပါမောက္ခချုပ်နဲ့ သွားတွေ့ရပါတယ်၊ ပွဲလုပ်ဖို့ ခွင့်မပြုဘူး မပြောပါဘူး။ ကျွန်တော်တို့ ပညာရေးပိုင်းမှာ နှောင့်နှေးမှာစိုးတဲ့အတွက် ကျောင်းထဲမှာ စာရွက်စာတန်းတွေ ဆရာတွေ မသိဘဲ မဝေဖို့၊ ရန်ပုံငွေ ရှာတာမျိုး နောင်မလုပ်ဖို့ လမ်းကြောင်းမမှားရအောင်ခေါ်ယူ ဆုံးမပေးခြင်း ဖြစ်ပါတယ်" ဟု ပြောသည်။ 

ယင်းသို့ တားမြစ်ခြင်းနှင့် ပတ်သက်ပြီး တိုင်းရင်းသားပေါင်းစုံ သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကို ပွဲဖြစ်မြောက်ရေးကော်မတီဝင် တောင်ကြီးတက္ကသိုလ် ဓာတုဗေဒဌာနမှ ကျောင်းသားငါးဦးက ကျောင်းအရှေ့ဖက်ရှိ ကင်တန်းတွင် ဇန်န၀ါရီ ၉ ရက် မွန်းလွဲ တစ်နာရီကျော်က ပြုလုပ်ခဲ့သည်။ 

တိုင်းရင်းသားပေါင်းစုံ ညီအစ်ကိုမောင်နှမများ တွေ့ဆုံပွဲကို ဇန်န၀ါရီ ၂၆ ရက်၌ တောင်ကြီးမြို့ ရှမ်းစာပေ၊ ယဉ်ကျေးမှု အသင်းခန်းမတွင် ပြုလုပ်ရန် စီစဉ်ထားပြီး ယင်းပွဲအတွက် တက္ကသိုလ် ကျောင်းဝန်းအတွင်း ကျောင်းသားများထံ စာဝေနေမှုများ၊ အလှူငွေ သဒ္ဒါကြေး ကောက်ခံနေမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် ပါမောက္ခချုပ်က ခေါ်ယူတွေ့ဆုံ တားမြစ်ခြင်းဖြစ်သည်။ 

တားမြစ်ခြင်းကြောင့် စာရွက်များ မဝေတော့ဟု ပါမောက္ခချုပ်ကို ကတိ ပေးခဲ့ရသည့်အတွက် ပွဲကျင်းပရန် အခက်အခဲ အချို့ဖြစ်နေကြောင်း ပွဲဖြစ်မြောက်ရေး ကော်မတီဝင် ဓာတုဗေဒ နောက်ဆုံးနှစ် ကျောင်းသား အောင်ပြည့်ဖြိုးက မဇ္ဈိမကိုပြောသည်။

တိုင်းရင်းသားပေါင်းစုံညီအစ်ကို မောင်နှမများတွေ့ ဆုံပွဲသည် ကျောင်းသားများကြားတွင် ဖြစ်ပေါ်နေသော အခက်အခဲများနှင့် ပတ်သက်ပြီး အချင်းချင်း ကူညီဖြေရှင်းနိုင်ရန် ရည်ရွယ်ချက်ဖြင့် ကျင်းပခြင်းဖြစ်သည်ဟု ကိုဝင်းနိုင်ဦးက ဆိုသည်။ ပွဲဖြစ်မြောက်ရန်အတွက်လည်း ကျောင်းချိန်ပြင်ပတွင် ကြိုးစားလုပ်ဆောင်သွားမည်ဟုလည်း ၄င်းက ဆိုသည်။

“ကျောင်းသား အခက်အခဲဆိုတာက မူးယစ်ဆေးတို့၊ ကျန်းမာရေးတို့၊ ငွေကြေးအခက်အခဲတို့ ဖြေရှင်းနိုင်ဖို့ အဖွဲ့အစည်း ကွန်ယက်တစ်ခု ရှိသင့်ပြီထင်လို့ ကျွန်တော်တို့ လုပ်ချင်တာ ပါ" ဟု ကိုဝင်းနိုင်ဦးက မဇ္ဈိမ ကို ပြောသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး တောင်ကြီး တက္ကသိုလ်မှ ဆရာတစ်ဦးက “ သည်အရွယ်က ငယ်သေးတယ်။ ဘာပဲလုပ်လုပ် ကျောင်းတာဝန်ခံတွေ သိမှလုပ်လို့ရတယ်ဆိုတာ သူတို့ကို ပြောပြခြင်းသာ ဖြစ်တယ်"ဟု မဇ္ဈိမကို တယ်လီဖုန်းမှတစ်ဆင့် ပြန်လည်ဖြေကြားသည်။ 

တိုင်းရင်းသားပေါင်းစုံညီအစ်ကို မောင်နှမများ တွေ့ဆုံပွဲကို ဗန်းမော်တက္ကသိုလ်၊ မိထ္ထီလာ တက္ကသိုလ်၊ လားရှိုးတက္ကသိုလ်၊ မန္တလေး တက္ကသိုလ်တို့မှ တိုင်းရင်းသား ကိုယ်စားလှယ် နှစ်ဦးစီကို လည်း ဖိတ်ကြားထားပြီး ၊တောင်ကြီးတက္ကသိုလ် ၊နည်းပညာတက္ကသိုလ်တို့မှ ကျောင်းသားများပါ ပါဝင်မည်ဖြစ်သည်။

တိုင်းရင်းသားပေါင်းစုံညီအစ်ကို မောင်နှမများတွေ့ ဆုံပွဲတွင် သံပြိုင်သီချင်းသီဆိုခြင်း၊ တိုင်းရင်းသား အကအလှ ဖလှယ်ခြင်း၊ တိုင်းရင်းသား တေးသီချင်းသီဆိုခြင်း ၊မယ်ပြိုင်ပွဲ ၊ဂိမ်း အစီစဉ်များ ပါဝင်မည်ဖြစ်သည်ဟု ပွဲဖြစ်မြောက်ရေး ကော်မတီမှ သတင်းထုတ်ပြန်သည်။

Mizzima - News in Burmese

No comments:

Post a Comment