Monday, January 6, 2014

မြန်မာသံရုံး ဗုံးခွဲရန် ကြံစည်သည့် အကြမ်းဖက်များနှင့် အင်ဒိုရဲများ တိုက်ပွဲဖြစ်၊ အကြမ်းဖက်သမား ခြောက်ဦးသေဆုံး

အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျာကာတာတွင် ရှိသော မြန်မာသံရုံးကို ဗုံးခွဲရန် အဓိက ကြိုးကိုင် ကြံစည်သည့် အဖွဲ့ဝင်များနှင့် အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက် နှိမ်နင်းရေး ရဲတပ်ဖွဲ့တို့ အပြန်အလှန် တိုက်ပွဲဖြစ်ပွားရာ အင်ဒိုနီးရှား ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် အကြမ်းဖက်သမား ခြောက်ဦး သေဆုံးသွားကြောင်း AFP သတင်းဌာနတွင် ဖော်ပြထားသည်။

မြန်မာသံရုံးကို ဗုံးခွဲရန် ကြံစည်မှုတွင် ပါဝင်သော အကြမ်းဖက်သမား အချို့ကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းဆီးရရှိခဲ့ပြီး အဆိုပါ ဖမ်းဆီးရရှိသူများကို စစ်ဆေးချက်အရ ဂျာကာတာမြို့တော် မြို့စွန့်တစ်နေရာ တွင်ရှိနေသည့် အခြားအကြမ်းဖက် အဖွဲ့ဝင်များကို ဇန်နဝါရီလ ၁ ရက်နေ့က သွားရောက် ဖမ်းဆီးရာတွင် အကြမ်းဖက်သမားများနှင့် အင်ဒိုနီးရှား ရဲတပ်ဖွဲ့တို့အကြား အပြန်အလှန် ပစ်ခတ်မှုတစ်ရပ် ဖြစ်ပွား ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ သတင်းဌာနက ဖော်ပြထားသည်။

အင်ဒိုနီးရှား ရဲတပ်ဖွဲ့နှင့် အကြမ်းဖက်သမားတို့အကြား ဖြစ်ပွားခဲ့သည့် ကိုးနာရီကြာ တိုက်ပွဲတွင် အကြမ်းဖက်သမား ခြောက်ဦး သေဆုံးခဲ့ပြီး ရဲအရာရှိတစ်ဦး ဒဏ်ရာရရှိ ခဲ့ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

အင်ဒိုနီးရှားနိုင်ငံရှိ မြန်မာနိုင်ငံဆိုင်ရာ သံရုံးကို ပြီးခဲ့သည့် မေလအတွင်းက ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်သူများ အပါအဝင် ပါဝင် ပတ်သက်သူ ၁၄ ဦး အင်ဒိုနီးရှား အကြမ်းဖက် နှိမ်နင်းရေး ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။

ယင်းဖမ်းဆီးရမိသူ ၁၄ ဦးတွင် အင်ဒိုနီးရှား နိုင်ငံရှိ နာမည်ကျော် အစ္စလာမ် ဘာသာရေး ခေါင်းဆောင်တစ်ဦးနှင့် ခရစ်ယာန် ကက်သလစ် အနွယ်ဝင် ဘုန်းတော်ကြီး တစ်ပါးကို သတ်ဖြတ်ရန် ကြံစည်မှုဖြင့် အကျဉ်းကျခဲ့သော Iqbal Hussaini ဆိုသည့် အကြမ်းဖက် ခေါင်းဆောင်တစ်ဦး ပါဝင်ကြောင်း အင်ဒိုနီးရှား နိုင်ငံတော် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ထုတ်ပြန်သည်။

အဆိုပါ Iqbal Hussaini ပါဝင်သော အကြမ်းဖက် အဖွဲ့သည် ယခင် ဂျာဗားပြည်နယ် အလယ်ပိုင်းရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းတစ်ခုကို အသေခံဗုံးခွဲမှုတွင် ပါဝင် ပတ်သက် ခဲ့ဖူးကြောင်းနှင့် ယခု မြန်မာသံရုံးကို ဗုံးခွဲရန် ကြံစည်မှုသည် မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာဝင်များက အစ္စလာမ် ဘာသာဝင်များအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများကို လက်တုံ့ပြန်ခြင်း ဖြစ်သည်ဟု ပြောကြားကြောင်း အင်ဒိုရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

အလားတူပင် မြန်မာပြည်တွင်း ဖြစ်ပွားခဲ့သော ဘာသာရေး ပဋိပက္ခများကို အကြောင်းပြကာ ၂၀၁၃ ခုနှစ် သြဂုတ်လ ၅ ရက်နေ့က အင်ဒိုနီးရှားနိုင်ငံရှိ အစ္စလာမ် စစ်သွေးကြွများက ဂျာဗားပြည်နယ် အနောက်ဘက်ရှိ Ekayana Grha အမည်ရှိ ဗုဒ္ဓဘုရားရှိခိုးကျောင်းကို အသေးစား ဗုံးခွဲ တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ရာ ဘုရားရှိခိုး ဝတ်ပြုနေသူသုံးဦး ဒဏ်ရာရရှိသွားကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

the voice

No comments:

Post a Comment