Thursday, January 30, 2014

ကချင်ဒုက္ခသည်များ ငြိမ်းချမ်းရေးရလိုဟု ဗြိတိန်ဝန်ကြီးထံ တင်ပြ

ဗြိတိန်နိုင်ငံခြားရေးရုံး အာရှရေးရာဝန်ကြီးဖြစ်သူ Hugo Swire ဇန်န၀ါရီ ၂၉ ရက်က ကချင်ပြည် နယ်ဝိုင်း မော်မြို့နယ်ရှိ စစ်ပြေးဒုက္ခသည်စခန်းသို့ သွားရောက်ကြည့်ရှုရာတွင် ကချင် ဒုက္ခသည် တို့က နေရပ်ပြန် လိုပြီး ငြိမ်းချမ်းရေးအမြန်ရစေကြောင်း တင်ပြခဲ့သည်ဟု ကချင်ဒုက္ခသည်များကို အကူအညီပေးနေသူ ဦးကေဘောမ်အောက ပြောသည်။

ဒုက္ခသည်စခန်းတွင် နေထိုင်နေရသည့် စစ်ပြေးဒုက္ခသည်တို့ကို Hugo Swire က မည်သို့နေရကြောင်း မေးမြန်းမှုကို ကချင်ဒုက္ခသည်တို့က ပြန်လည်ဖြေကြားခြင်းဖြစ်သည်ဟု ဦးကေဘောမ်အောက ပြော သည်။

“အိမ်ကိုပဲ ပြန်ချင်ပါတယ်။ အိမ်ပြန်ရဖို့လည်း ငြိမ်းချမ်းရေးလိုချင်တယ် ဘယ်တော့မှ တိုက်ပွဲပြန်မဖြစ် မယ့် အခြေအနေနဲ့ ကျွန်မတို့ ကိုယ့်အိမ်ကိုယ့်ယာပဲ ပြန်ချင်တယ်လို့ပြောတယ်”ဟု တင်ပြခဲ့ကြောင်း ဦး ကေဘောမ်အောက ဆိုသည်။

စိန့်ဂျိုးဇက်မိုင်နာစခန်းတွင် နေထိုင်နေသူ မလုလုကလည်း “အိမ်ပြန်ချင်တယ်၊ အခုက တိုက်ပွဲပြန်ငြိမ် နေတော့ ပြန်ချင်တယ်၊ ဒါပေမဲ့ အိမ်ရောက်ရင် ဒီကိုပြန်လာဖို့ မလွယ်ဘူး၊ စားဖို့လည်း မရှိဘူး၊ ဒါပေမဲ့ စိတ်ချရမယ့် ငြိမ်းချမ်းရေးရပြီး ကိုယ့်မိသားစုနဲ့ကိုယ် အိမ်မှာပြန်နေချင်တယ်”ဟု မဇ္ဈိမကို ပြောသည်။

ဗြိတိန်ဝန်ကြီး Hugo Swire မှာ ကချင်ပြည်နယ်သို့ ပထမဦးဆုံးအကြိမ် သွားရောက်ခဲ့ခြင်းဖြစ်ပြီး ၀ိုင်း မော်ရှိ စိန့်ဂျိုးဇက်မိုင်နာစခန်းရှိ ဒုက္ခသည်များ မည်သို့မည်ပုံ နေထိုင်နေသည်၊ ကယ်ဆယ်ရေး စခန်းများ ၏အနေအထားကိုလည်း လေ့လာခဲ့သည်။

ကယ်ဆယ်ရေးစခန်းများကို ၀ါး၊ ထရံတို့ဖြင့် ၁၀ ပေပတ်လည်ခန့်ရှိသည့် ယာယီအိမ်ခန်းတွဲများတွင် မိ သားစုတစ်စုနေထိုင်ခွင့်ရပြီး ကချင်မိသားစုအများစုမှာ ခြောက်ဦးနှင့်အထက်ရှိသဖြင့် နေရာမလုံလောက် မှုများရှိနေရှိသည်ဟုလည်း နမ်ဖူရွာမှ ကယ်ဆယ်ရေးစခန်းတာဝန်ခံတစ်ဦးဖြစ်သည့် ဆရာဆိုင်းနော် က ပြောသည်။

ရိက္ခာအတွက်လည်း ဆန်နှင့် ဟင်းချက်ရန် အာလူး၊ အသားတုတို့ကို မိသားစုဦးရေ လိုအပ်သည့် ပမာ ဏာနှင့် ပေးဝေခြင်းတို့ရှိပြီး စခန်းအသေးများတွင် နီးစပ်သည့်ရွာများမှ စုပေါင်းဟင်းချက်ကာ မျှဝေကျွေး ကာ ဖြေရှင်းကြသည်ဟု ဆိုသည်။

ဝိုင်းမော်မြို့ရှိ စစ်ပြေးဒုက္ခသည် ၁,၀၀၀ ကျော်တို့ ခိုလှုံနေသည့် စိန့်ဂျိုးဇက်မိုင်နာစခန်းသို့ ဗြိတိန်ဝန်ကြီး Hugo Swire သွားရောက်ခဲ့ခြင်းနှင့်ပတ်သက်၍ ကယ်ဆယ်ရေးစခန်းတာဝန်ခံ ဖာသာနော်လတ်က“လာ တာတော့ ဘာမှလုပ်ပေးမယ်ရယ် ကတိပေးခဲ့တာ၊ တစ်စုံတစ်ရာပေးခဲ့တာ မရှိဘူး။ ဒုက္ခသည်တွေနဲ့ လိုက်တွေ့တယ်။ နေရတဲ့အခြေအနေ ဘယ်လိုရှိလဲ မေးတယ်။ နေအိမ်ပြန်ချင်လားပြောတော့ စခန်းက သူတွေက ပြန်ချင်တယ်၊ ငြိမ်းချမ်းချင်တယ် ပြောတယ်”ဟု ပြောသည်။

ဗြိတိန်ဝန်ကြီး Hugo Swire သည် မြန်မာနိုင်ငံသို့၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ပထမအကြိမ်လာရောက် ခဲ့ပြီး ဒုတိယအကြိမ်မြောက်အဖြစ် ဇန်န၀ါရီလ ၂၈ ရက်မှ ၃၀ ရက်ထိ ခရီးစဉ်အတွင်း ကချင်ပြည်နယ်သို့ သွားရောက်ခဲ့ခြင်းဖြစ်သည်။ ဇန်န၀ါရီလ ၃၀ ရက်၌ ရန်ကုန်တက္ကသိုလ်ရှိ စိန်ရတုခန်းမတွင် “The UK and Burma in 2014” ခေါင်းစဉ်ဖြင့် လူထုနှင့်တွေ့ဆုံ ဟောပြောမည်ဖြစ်သည်။

ကချင်စစ်ဘေးရှောင် ဒုက္ခသည်များသည် ကချင်ပြည်နယ်အနှံ့ တိုက်ပွဲများဖြစ်ပွားရာ နေရာအသီးသီး ၀န်းကျင်တွင်ရှိနေပြီး ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာလအထိ တိုက်ပွဲဖြစ်ပွားလျက်ရှိသည့် မန်စီမြို့နယ်တစ်ဝိုက် တွင်လည်း ဒုက္ခသည် ၅,၀၀၀ ကျော် ရှိနေသည်။

၂၀၁၁ ခုနှစ်၊ ဇွန်လ ၉ ရက်တွင် အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့တို့ တိုက်ပွဲများ ဖြစ် ပွားခြင်း ကြောင့် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာတွင် ကောက်ယူထားသည့် ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ အကူ အညီပေးရေးရုံး UNOCHA စစ်တမ်းအရ ကချင်ပြည်နယ်တွင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ကယ် ဆယ်ရေးစခန်းများနှင့် နေထိုင်နေသူ တစ်သိန်းကျော်ခန့် ရှိသည်။

Mizzima - News in Burmese

No comments:

Post a Comment