Monday, January 6, 2014

တိုင်းဒေသကြီးနှစ်ခုကြား အငြင်းပွားမြေနုကျွန်း ပိုင်ဆိုင်မှု မြန်မာပြည် မြေတိုင်းအဖွဲ့ တိုင်းတာမည်

ဧရာဝတီတိုင်းဒေသကြီး ဇလွန်မြို့နယ်ရှိ သက္ကယ်ကျွန်း ကျေးရွာနှင့် ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးမြို့နယ် အဖျောက်မြို့ ရေပေါ်သောင် ကျေးရွာတို့မှ နှစ်ဖက် တောင်သူများ လုပ်ပိုင်ခွင့် အငြင်း ပွားနေသော မြေနု ကျွန်းများ ပိုင်ဆိုင်မှု ဖြေရှင်းနိုင်ရန် မြေတိုင်းဦးစီးဌာနက တိုင်းတာ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စု ဒုတိယဝန်ကြီး ဦးအုန်းသန်းက ဇန်နဝါရီလ ၃ ရက်နေ့က ဇလွန်မြို့တွင် ပြောကြားသည်။

တိုင်းဒေသကြီး နှစ်ခုအကြား ဖြစ်ပွားနေသည့် အငြင်းပွားမှုကို တိုင်းအဆင့် တာဝန်ရှိသူများ ညှိနှိုင်း ဆောင် ရွက်ပေးရာတွင် အဆင်မပြေသဖြင့် ဒုတိယဝန်ကြီးက တိုင်းဒေသကြီးနှစ်ခုကို လာရောက် စစ်ဆေးစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အခုကိစ္စကို ပြည်ထောင်စုဝန်ကြီးဆီ တင်ပြလို့ ခွင့်ပြုချက်ရရင် မြန်မာပြည် မြေတိုင်းအဖွဲ့ကို လာရောက် စစ်ဆေး တိုင်းတာခိုင်းမယ်” ဟု ဦးအုန်းသန်းက ဆိုသည်။

အောက်မြန်မာပြည် မြေနှင့် အခွန်ဥပဒေပုဒ်မ ၅၁ အရ နှစ်စဉ် ဖေဖော်ဝါရီ ၂၆ ရက်နေ့ ရောက် တိုင်း ရေအတိမ်အနက် ခွဲခြမ်းလေ့ရှိရာ မိမိဧရိယာအတွင်း ပေါ်ထွန်းသည့် မြေကို သုံးပုံနှစ်ပုံ ပိုင်ဆိုင်ခွင့်ရှိပြီး၊ သူတစ်ပါး ဧရိယာတွင် ပေါ်ထွန်းသည့်မြေကို သုံးပုံတစ်ပုံ ပိုင်ဆိုင်ခွင့် ရှိခဲ့ဖူးကြောင်း၊ မြေတိုင်း ဦးစီးဌာနသည် တော်လှန်ရေးကောင်စီ လက်ထက်က သစ်တောရေးရာ ဝန်ကြီးဌာနအောက်တွင် ရှိခဲ့သော် လည်း နောက်ပိုင်းတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ယခုအခါ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနအောက်တွင် ရှိနေသဖြင့် မြေနုကျွန်း အငြင်းပွားမှုအပေါ် ဝန်ကြီးဌာနချင်း ညှိနှိုင်းကာ မြန်မာပြည် မြေတိုင်း အဖွဲ့ကို စေလွှတ်မည် ဖြစ်ကြောင်း ဒုတိယဝန်ကြီးက ရှင်းလင်း ပြောကြားသည်။

ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းတို့မှ ခရိုင်နှင့် မြို့နယ် တာဝန်ရှိ သူများ၊ ကျေးရွာ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့များမှ အကြိုသဘောဆွေးနွေးခဲ့ပြီး နောက်ပိုင်း ဒုတိယ ဝန်ကြီးက ဧရာဝတီတိုင်းဒေသကြီး မြေစာရင်းဦးစီးမှူးနှင့် အဖွဲ့များ၊ ရန်ကုန်တိုင်းဒေသကြီး မြေစာရင်း ဦးစီးဌာန တိုင်းဦးစီးမှူးနှင့် အဖွဲ့များ၏ စစ်ဆေး ဆောင်ရွက်ထားမှုများနှင့် အငြင်းပွား မြေနုကျွန်းများကို လာရောက် စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့  တာဝန်ရှိသူများက ဆိုသည်။

မြေနုကျွန်းများကို ၂၀၀၄ ခုနှစ်က ဧရာဝတီတိုင်း တိုင်းမှူး ဗိုလ်ချုပ်စိုးနိုင်နှင့် ရန်ကုန်တိုင်းတိုင်းမှူး ဗိုလ်ချုပ် မြင့်ဆွေတို့ နှစ်ဦး သဘောတူညီမှုဖြင့် မြေဧရိယာ ၂၈၆ ဧကကို ရန်ကုန်တိုင်းမှ တောင်သူများ သုံးနှစ် လုပ်ကိုင်ရန် ငှားရမ်းခဲ့ပြီး၂၀၀၇ ခုနှစ်တွင် ဧရာဝတီတိုင်းဘက်သို့ ပြန်လည် လွှဲပြောင်း ပေးရမည်ဟု သဘော တူခဲ့ကြောင်း ကျေးရွာ လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့ဝင် ဇလွန်မြို့နယ် သက္ကယ်ကျွန်းကျေးရွာမှ ဦးတန်တေးက ပြောကြားသည်။

မြေနုကျွန်း ဧရိယာများကို ၁၉၇၄ ခုနှစ်မှ စတင်ကာ ဇလွန်မြို့နယ် စိန်ကလေး ကျေးရွာရှိ သက္ကယ် ကျွန်း ကျောက်တိုင်အထိ ရေပေါ်သောင် နယ်နိမိတ်အဖြစ် မှတ်ထားခဲ့ပြီး၂၀၀၀-၂၀၀၁ ခုနှစ်တွင် ရေပေါ်သောင် ကျေးရွာအနီးရှိ မြေနုကျွန်း ဧက ၁၄၀၀ ခန့်ကို ဇလွန်မြို့နယ်ဘက်မှ တိုးချဲ့လာခဲ့ သဖြင့် နှစ်ဖက် စစ်တိုင်းမှူးများ ညှိနှိုင်းခဲ့ကြောင်း တိုက်ကြီးမြို့နယ် ရေပေါ် သောင်ကျေးရွာမှ လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းစိုးက ပြောကြားသည်။

The Voice

No comments:

Post a Comment