ကချင်ပြည်နယ်အတွင်း ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တပ်ဖွဲ့၏ စုဆောင်းခံရသည့် ရှမ်း တိုင်းရင်း သားများအရေး ဆွေးနွေးရန် မြန်မာ့ငြိမ်းချမ်းရေး ပြန်လည်တည်ဆောက်ရေးဗဟိုဌာန(MPC)သို့ ကမ်းလှမ်းထားသော်လည်း အကြောင်းပြန်ကြားမှုမရှိ၍ KIA အလုပ်အဖွဲ့နှင့် အလွတ်သဘောတွေ့ဆုံရန် စီစဉ်ထားဟု ကချင်ပြည်နယ် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ သိရသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့မှ ဦးစန်းဝေက “ကျွန်တော်တို့ KIA နဲ့ ဆွေးနွေးနို င်ရေး မြန်မာ့ငြိမ်းချမ်းရေးစင်တာကို ကမ်းလှမ်းထားတာရှိတယ်။ ဒီ၂၀၁၃ ဒီဇင်ဘာ မကုန်ခင် ကတည်းက ပါ။ အခုဆိုရင် တစ်လနီးပါးရှိပါပြီ။ တစ်ဖက်နဲ့ သွားဆွေးနွေးဖို့အတွက် ကျွန်တော်တို့အနေနဲ့ အခုကွင်း ဆင်းပြီး အချက်အလက်တွေ ကောက်ယူနေသလို MPC ဘက်ကလည်း အကြောင်းပြန်လာတာ မရှိဘူးဆိုတော့ ကျွန်တော်တို့ လောလောဆယ်တော့ အလွတ်တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်။ ဆွေးနွေး ဖို့က အခုတော့ KIA ဘက်ကတော့ သူတို့ အလုပ်အဖွဲ့နဲ့ ဆွေးနွေးနိုင်တယ်ဆိုပြီး အကြောင်းပြန်လာ ပါတယ်”ဟု ပြောကြားသည်။ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့အနေဖြင့် MPC သို့ ဒီဇင်ဘာ ၂၄ ရက်က ဆွေးနွေးခွင့် ကမ်းလှမ်းခဲ့ပြီး လက်ရှိတွင် ကချင်ပြည်နယ်ဒေသတွင်း စုဆောင်းခံရသည့် ရှမ်းတိုင်းရင်းသားစာရင်း အမှန်ရရှိရေးအတွက် စာရင်းကောက်ယူလျက်ရှိရာ စုဆောင်းခံတိုင်းရင်းသား ၂၀ ခန့် စာရင်းရရှိပြီးဖြစ်ကြောင်း သိရသည်။
“အခုတော့ ကျွန်တော်တို့က KIA ကနေ ဖမ်းဆီးသွားပြီးတော့မှ ပြန်မလွတ်သေးတဲ့ ကလေးတွေကို စုဆောင်းနေ တယ်။ မိဘရဲ့ ဆန္ဒ၊ ကလေးရဲ့ ဆန္ဒ၊ နောက်ဟိုမှာ မနေချင်တဲ့ ကလေးတွေကို လိုက်မေးနေ တယ်။ နောက်တစ်ခုက ငြိမ်းချမ်းရေးဆွေးနွေးမှု နောက်ပိုင်း အောက်ခြေမှာ KIA ကနေပြီးတော့ ဆက်ကြေးတောင်း ခံနေတဲ့ ကိစ္စတွေရှိနေသေးတာတွေကို မေးမြန်းစုံစမ်းပြီးတော့ KIA နဲ့တွေ့ဆုံတဲ့အခါ ဒီအချက်တွေကို ချပြနိုင်အောင် ကျွန်တော်တို့ဘက်ကလည်း သက်သေအထောက် အထားနဲ့ ပြောနို င်အောင် ကွင်းဆင်းအတည်ပြုနေပါတယ်”ဟု ဦးစန်းဝေက ဆက်လက်ပြောကြားသည်။
အစိုးရ၏ နောက်ဆုံးစာရင်းများအရ ဒီဇင်ဘာ ၇ ရက်၊ ၈ ရက်နှင့် ၁၃ ရက်တို့တွင် KIA လက်နက်ကိုင် တပ်ဖွဲ့က ကချင်ပြည်နယ် မန်စီမြို့နယ် ပါတော်၊ ကုန်းခေါင်နှင့် ဟန်ထက်ကျေးရွာအနီး ခပရာကျေးရွာတို့ တွင် ဒေသခံ ၂၆ ဦးတို့အား ဖမ်းခေါ်သွားခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက်က ရှမ်းလူမျိုး ၂၂ ဦးမှာ ပြန်လည် လွတ်မြောက်လာကြောင်း သိရသည်။
ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့၏ ပြောပြချက်အရ လက်ရှိကချင်ပြည်နယ် တွင် ရှမ်းလူမျိုး ငါးမျိုးရှိပြီး ကချင်ပြည်နယ်လူဦးရေ၏ ထက်ဝက်ကျော်( ၇၀၀၀၀၀ ကျော်) ရှိသည်ဟု ဆိုသော်လည်း အစိုးရစာရင်းအရ လူဦးရေ ၃၀၀၀၀၀ ကျော်သာရှိကြောင်း သိရသည်။
Eleven Media Group
No comments:
Post a Comment