Saturday, January 25, 2014

ဘိတ်/ထားဝယ်ခရိုင်တွင် KNU မြေယာတိုင်းတာမည်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)၊ ဘိတ်/ထားဝယ်ခရိုင် ထိန်းချုပ်နယ်မြေရှိ မြေယာများ ကို မြန်မာအစိုးရမှ တရားဝင်အသိမှတ်ပြုနိုင်ရန် ဇန်န၀ါရီမှ ဖေဖော်ဝါရီလအထိ တိုင်းတာသတ်မှတ် သွား မည်ဟု KNU ဘိတ်-ထားဝယ်ခရိုင်၏ တွဲဘက်အတွင်းရေးမှူး ပဒိုစော အဲ့နာ က ပြောဆိုလိုက်သည်။

“အခု တိုင်းတာမယ့် မြေယာတွေက ပိုင်ရှင်ရှိပြီး မြေဂရမ် စာရွက်စာတမ်းမရှိသေးတဲ့ တောင်ယာမြေ၊ လယ်ယာ မြေတွေအပြင် KNU က သတ်မှတ်ထားတဲ့ တိရိစ္ဆာန်ကြိုးဝိုင်း၊ သစ်တော ကြိုး ၀ိုင်းနဲ့ မြေလွတ်မြေ ရိုင်းတွေ ကို ပြန်လည်တိုင်းတာမှာ ဖြစ်ပါတယ်”ဟု ပဒိုစောအဲ့နာက ကေအိုင်စီသို့ ပြောသည်။

လက်ရှိ မြေယာတိုင်းတာမှုကိစ္စနှင့် ပတ်သက်၍ အမြန်ဆုံး လုပ်ဆောင်သွားနိုင်ရန် ပြင်ဆင်လျက်ရှိပြီး စတင် တိုင်းတာမည်ဆိုပါက KNU ထိန်းချုပ်နယ်မြေများရှိ မြေယာများကို ဦးစွာတိုင်းတာကာ ကျန်အစိုးရ နယ်မြေနှင့် ဆက်စပ်သည့် ဒေသများကို နောက်တစ်ဆင့်အနေဖြင့် သက်ဆိုင်ရာအစိုးရနှင့် ဆက် လက်ဆွေးနွေး သွား မည်ဟု သိရသည်။

ထို့အပြင် မြေယာများတိုင်းတာမှုအတွက် မြေယာတိုင်းတာမည့် အတတ်ပညာရှင်များ၊ တိုင်းတာ သည့် အခါ အသုံးပြုမည့် ပစ္စည်းကိရိယာများကို ပြင်ဆင်ထားပြီးဖြစ်ကြောင်း KNU ဘိတ်/ထားဝယ် ခရိုင်က ဆိုသည်။

တနင်္သာရီတိုင်း၊ မေတ္တာမြို့နယ်ခွဲရှိ ကတ္တရာခီး ကျေးရွာမှ အမည်မဖော်လိုသူ ဒေသခံ အမျိုးသမီးတစ်ဦးက “KNU က ကျမတို့အတွက် မြေလာတိုင်းမယ်လို့ တချို့ရွာသားတွေရဲ့ ပြောသံတွေ ကြားမိတယ်။ ဒီလိုမျိုး မြေယာတိုင်းတာ ကျမတို့အတွက် အာမခံချက်တွေ၊ တရားဝင်ဖြစ်သွားအောင် အထောက်အထားပုံစံမျိုးနဲ့ လုပ်ပေးသွားမယ် ဆိုရင်တော့ ကောင်း တာပေါ့”ဟု ပြောသည်။

သို့သော် မြေယာများတိုင်းတာသွားမည့်ကိစ္စနှင့် ပတ်သက်၍ ဘိတ်/ထားဝယ်ခရိုင် KNU က ဒေသခံများအား တရားဝင် အသိပေးအကြောင်းကြားခြင်း မရှိသေးဟု သူမက ကေအိုင်စီသို့ ဆက်ပြောသည်။

KNU ၏ ထိန်းချုပ်နယ်မြေ ဘိတ်/ထားဝယ်ခရိုင်တွင် မြို့နယ်ပေါင်း (၄)ခုရှိပြီး ယင်းမြို့နယ် အတွင်းရှိ ဒေသခံ အများစုသည် တောင်ယာနှင့် လယ်ယာများကို အသက်မွေးဝမ်းကျောင်းအဖြစ် အဓိက လုပ်ကိုင် စားသောက် ကြသည်။

ပြီးခဲ့သည့် ၂၀၁၃ခုနှစ်၊ နိုဝင်ဘာ ၈ရက်နေ့က KNU ဘိတ်-ထားဝယ်ခရိုင်ဥက္ကဌ ပဒိုစော ဘီးလယ် ဦးဆောင် သော အဖွဲ့ဝင်များနှင့် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကို အပါအ၀င် အစိုးရ တာဝန်ရှိသူအချို့တို့သည် ထားဝယ်မြို့တွင် ပညာရေးနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့သည့် အခါ မြေယာ တိုင်းတာမည့်ကိစ္စကို အကြမ်းဖျင်း ထည့်သွင်းဆွေးနွေး ခဲ့သေးသည်။

KIC News

No comments:

Post a Comment