Friday, February 7, 2014

တယ်လီနောနှင့် အူရီဒူးတို့က ခြောက်လနှင့် ရှစ်လအတွင်း ဆင်းမ်ကတ်များ ရောင်းချမည်ဖြစ်ရာ လက်ရှိ ကျပ် ၁၅၀၀ တန်ဆင်းမ်ကတ် ပြင်ပဈေး လျော့ကျ

ပည်ပဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုဖြစ်သည့် အူရီဒူးနှင့် တယ်လီနော ဆက်သွယ်ရေး ကုမ္ပဏီတို့မှ မိုဘိုင်း ဆင်းမ်ကတ်များကို ခြောက်လမှ ရှစ်လအတွင်း ရောင်းချပေးမည့်အတွက် လက်ရှိတွင် မြန်မာ့ဆက် သွယ်ရေး လုပ်ငန်းမှ ကျပ် ၁၅၀၀ ဖြင့် ရောင်းချပေးလျက်ရှိသည့် မိုဘိုင်းဆင်းမ်ကတ်များမှာ ၀ယ်ယူမှု နည်းပါးလာပြီး ဈေးနှုန်းများမှာလည်း လျှော့ကျလာကြောင်း မိုဘိုင်းအရောင်းဆိုင်များ၏ ပြောကြားချက်အရ သိရသည်။

မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်းနှင့် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းတို့မှ ရောင်းချသည့် ကျပ်၁၅၀၀ တန် မိုဘိုင်းဆင်းမ်ကတ်များ လုံလောက်မှု မရှိသည့်အတွက် အပြင်ဈေးနှုန်း မြင့်မားစွာပေး၍ ၀ယ်ယူအသုံးပြုရ သည်။ ယခုအခါ အဆိုပါ မိုဘိုင်ဆင်းမ်ကတ်များမှာ ဈေးနှုန်းများ လျော့ကျပြီး ၀ယ်ယူမှု နည်းပါးလာကြောင်း သိရသည်။

“အရင်တုန်းကဆိုရင် ကတ်တွေရှိရင် ရှိသလောက်ကုန်တယ်။ ပေါက်ဈေးက CDMA ဆိုရင် ကျပ်ရှစ်သောင်း ကိုးသောင်းလောက် ပေါက်တယ်။ ပြီးတော့ WCDMA ဆိုရင် ကျပ်တစ်သိန်း ကျော်လောက်ပေါက်တယ်။ အခုဆို ရင်အဲဒီလောက် မရှိတော့ဘူး။ လာဝယ်တဲ့သူလည်း နည်းတယ်။ ဈေးတွေလည်း လျော့လာတယ်။ CDMA ဖုန်းဆိုရင်အခု ကျပ် ၆၀၀၀၀ လောက်ပဲ ရှိတော့တယ်။ WCDMA ဆိုရင် ကိုးသောင်းလောက်ပဲရှိတယ်။ ကိုယ်ပြန်ရောင်းရင် နည်းတယ်။ ကိုင်ဖို့ဝယ်မယ် ဆိုရင်တော့ ဈေးများတယ်” ဟု ယုဇနပလာဇာ ပထမထပ်ရှိ မိုဘိုင်းအရောင်းဆိုင်မှ သိရသည်။

အဆိုပါမိုဘိုင်း ဆင်းမ်ကတ်များ စတင်ရောင်းချချိန်တွင် တစ်သိန်းကျော်ထိ ဈေးပေးရပြီး ဈေးကွက်တွင်လည်း ၀ယ်ယူရန်ရှားပါးသည်။ ယခုအခါမိုဘိုင်း ဆင်းမ်ကတ်များမှာ ၀ယ်ယူသူ မရှိ သလောက် နည်းပါးပြီး ဈေးကွက်အတွင်း ကတ်များမှာ လိုသလောက် ၀ယ်ယူနိုင်ကြောင်း တော်ဝင် ပလာဇာ ရှိ မိုဘိုင်းဖုန်း အရောင်းဆိုင်များ၏ ပြောကြားချက်အရ သိရသည်။

“ဖုန်းကတ်တွေက ဈေးပေါပေါနဲ့ မကြာခင် ရောင်းပေးတော့မှာဆိုတော့ လူတွေက ဒါကိုပဲ စောင့်နေကြ တယ်။ အရင်တုန်းကလို မ၀ယ်တော့ဘူး။ ဆိုင်တိုင်းမှာ ကတ်တွေရှိတယ်။ ရောင်းမထွက် ကြတော့ဘူး” ဟု မင်္ဂလာတောင်ညွန့်မြို့နယ်တွင် ဖွင့်လှစ်ထားသည့် မိုဘိုင်းအရောင်းဆိုင်မှ တာဝန်ရှိသူ တစ်ဦးက ဆိုသည်။

Eleven Media Group

No comments:

Post a Comment