Monday, February 17, 2014

ချင်းပြည်နယ်အတွင်း သောက်သုံးရေ ရရှိရေးအတွက် ပြည်နယ်အစိုးရက ရေအချိုးကျ ခွဲဝေပေးလျက်ရှိ

ချင်းပြည်နယ်အတွင်း သောက်သုံးရေရှားပါး လျက်ရှိနေသောနေရာများသို့ ပြည်နယ် အစိုးရမှ ရေရရှိစေရန် အချိုးကျခွဲဝေ ဖြန့်ဖြူး ပေးလျက်ရှိနေကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ သစ်တောနှင့်သတ္တုဝန်ကြီး ဦးကျော်ငြိမ်း က ပြောသည်။


“ချင်းပြည်နယ်မှာ ရေကရှားတယ်။ တချို့ နေရာ ဒေသတွေက တောင်ကျစမ်းရေနဲ့ အလှမ်း ဝေးတော့ ရေလုံလောက်မှုမရှိဘူး။ အဲဒါကို စည်ပင်၊ နတလ၊ ကျေးလက်ဦးစီးဌာနတွေကလည်း ဆောင်ရွက်ပေးနေ ပါတယ်။ ရေကိုတစ်မိုင်မှာ ဘယ်လောက်ကုန်ကျမယ်ဆိုတာ စံနှုန်းတွေနဲ့တွက်ချက်ပြီး ရေစုကန်၊ ရေစစ်ကန်တွေ က နေတစ်ဆင့် ရွာတွေကို ဖြန့်ဖြူးနေတာရှိတယ်။ နွေရာသီမှာဆို ရေကပိုရှား လာတယ်။ အခုဆို ဟားခါးမှာတောင် မီးသတ်ရေသယ်ယာဉ်နဲ့ ရေတင်တာတွေ၊ ရေလှောင်ကန်တွေကနေ စက်နဲ့ တင်ပြီး ရပ်ကွက်သုံးခုလောက်ကို ဌာနဆိုင်ရာတွေ၊ ပုဂ္ဂလိကတွေ၊ ဘာသာရေး အသင်းအဖွဲ့တွေ ကလည်း ဖြန့်ဖြူးပေးနေတယ်” ဟု သစ်တောနှင့်သတ္တုဝန်ကြီး ဦးကျော်ငြိမ်းက ပြောကြားသည်။

လက်ရှိအချိန်တွင် ချင်းပြည်နယ်၏ ရေရရှိမှုနှုန်းမှာ ယခင်ကာလများထက် ပိုမိုတိုးတက်လျက်ရှိနေပြီး ယခု အစိုးရ သက်တမ်းအတွင်း၅၀ ရာခိုင်နှုန်းခန့် တိုးတက်အောင် ဆောင်ရွက်သွားမည်ဟု ခန့်မှန်းထားကြောင်း ပြည်နယ်အတွင်း သောက်သုံးရေလုံလောက်စွာ ရရှိပါက ပညာရေး၊ ကျန်းမာရေး အစရှိသည့် ကဏ္ဍများလည်း ဖွံ့ဖြိုးလာနိုင်မည်ဖြစ်ကြောင်းသိရသည်။

ထိုကဲ့သို့ ရေရှားပါးမှုဖြစ်ပေါ်လာစေသည့် မဆင်မခြင် သစ်ခုတ်ခြင်းများ၊ တောင်ကတုံးများ ဖြစ်ပေါ်နေမှု များကို ကာကွယ်ရန် သစ်ပင်အစားထိုး စိုက်ပျိုးခြင်းကို မြို့နယ် သစ်တောဦးစီးများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး မှူးများ၊ ဖွံ့ဖြိုးရေးဆပ်ကော်မတီများ၊ စည်ပင်သာယာ ကော်မတီများမှ ပူးပေါင်း၍ အသိ ပညာပေး စည်းရုံးရေးများ ပြုလုပ်ပေးလျက်ရှိနေကြောင်း ဝန်ကြီး ဦးကျော်ငြိမ်းက ပြောကြားသည်။

ချင်းပြည်နယ်တွင် ခရိုင်သုံးခု၊ မြို့နယ် ကိုးခုနှင့် မြို့နယ်ခွဲ လေးခုရှိ၍ လူဦးရေ ငါးသိန်းခန့် နေထိုင်ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် အတွင်း ပြည်နယ်သောက် သုံးရေရရှိရေး အတွက် စည်ပင်သာယာ၊ နတလ၊ ကျေးလက် ဦးစီးဌာနများမှ ဘဏ္ဍာငွေ တောင်းခံထားကြောင်း သိရသည်။

MOI Webportal Myanmar

No comments:

Post a Comment