ဇန်န၀ါရီ ၁၃ ရက်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်၊ ခရေမြိုင်ရဲကင်းမှ လှည့်ကင်းဆောင်ရွက်နေသည့် ရဲတပ်ကြပ်ကြီးတစ်ဦး ပျောက်ဆုံးခဲ့သည့် ဒုချီးရားတန်းရွာ အရေးကိစ္စဖြစ်စဉ် ဖြစ်ရပ်အမှန် ပေါ်ပေါက်အောင် စစ်ဆေးရန် ဖွဲ့စည်းထားသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်သည် မူခင်းဆေးပညာနှင့် တရားဥပဒေ ဆိုင်ရာ ကျွမ်းကျင်သူများ၏ အကူအညီဖြင့် ယခုလ ဖေဖော်ဝါရီ ၂၀ ရက်အထိ စုံစမ်းစစ်ဆေး မှု ပြုလုပ်ကာ အစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ တိုက်ရိုက်တင်သွင်းသွားမည်ဖြစ်သည်။
ဒုချီးရားတန်း စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ဖေဖော်ဝါရီ ၁၅ ရက်တွင် မောင်တောမြို့သို့ ရောက်ရှိပြီး ဖေဖော်ဝါရီ ၁၆ ရက်မှ စတင်ကာ စုံစမ်းစစ်ဆေးမှုများ စတင်ပြုလုပ်နေပြီဖြစ်ကြောင်း ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာသာလှရွှေက ပြောကြားသည်။
စုံးစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၁၆ ရက်က မောင်တောမြို့နယ် ခရိုင် အုပ်ချုပ်ရေးမှူးရုံးတွင် ရခိုင်တိုင်းရင်းသားများနှင့် ဘင်္ဂါလီများအား သီးခြားစီတွေ့ဆုံကာ မေးမြန်းမှုများ ပြုလုပ် ခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီ ၁၇ ရက်တွင် အခင်းဖြစ်ကျေးရွာများသို့ ကွင်းဆင်းစုံစမ်းမှုများ ပြုလုပ်ရန်ရှိကြောင်းနှင့် ကော်မရှင်အဖွဲ့အနေဖြင့် မောင်တောနယ်စပ်တွင် ငါးရက်ကြာစုံစမ်းစစ်ဆေးမှု ပြုလုပ်သွားမည်ဖြစ်ကာ အခင်းဖြစ်ပွားရာ ဒုချီးရားတန်း ဘင်္ဂါလီကျေးရွာသို့လည်း သွားရောက်စုံစမ်းမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။
စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့သည် နိုင်ငံတကာ သတင်းဌာနများနှင့် အဖွဲ့အစည်းတချို့မှ စွပ်စွဲဖော်ပြ ထားသည့် သံသယဖြစ်ဖွယ်နေရာများ၊ မောင်တောနှင့် စစ်တွေ မြို့များရှိ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်း များ၊ ပြည်တွင်းပြည်ပ လူမှုရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးမေးမြန်းပြီး အကြံပြု ချက်များ ရယူသွားမည်ဖြစ်သည်ဟု ဖေဖော်ဝါရီ ၁၆ ရက်တွင် မြန်မာ့ရုပ်မြင်သံကြားမှ သတင်းဖော်ပြခဲ့ သည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့သည် ဒုချီးရားတန်းအရေးအား ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်ရန် စုံစမ်းစစ်ဆေးပြီး သုံးသပ်ချက်နှင့်တကွ စုံစမ်းစစ်ဆေးမှု အစီရင်ခံစာကို ဖေဖော်ဝါရီ ၂၈ ရက်အရောက် နိုင်ငံတော်သမ္မတထံသို့ တိုက်ရိုက်အစီရင်ခံစာ တင်ပြရမည်ဟု သိရသည်။
Eleven Media Group
No comments:
Post a Comment