Tuesday, February 11, 2014

မြန်မာလုပ်သားများ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် တောင်ကိုရီးယား အစိုးရ ကူညီမည်

မြန်မာနိုင်ငံရှိ လုပ်ငန်းခွင် အသီးသီးတွင် လုပ်ကိုင်နေသည့် မြန်မာ အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် တောင်ကိုရီးယား အစိုးရက အကူအညီများ ပေးအပ်သွားမည်ဟု ဖေဖော်ဝါရီလ ၉ ရက်နေ့က မြန်မာအစိုးရနှင့် သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြောင်း တောင်ကိုရီးယား အစိုးရ လက်အောက်ရှိ အလုပ်အကိုင်၊ လုံခြုံရေးနှင့် ကျန်းမာရေး အေဂျင်စီ (KOSHA) က ဖေဖော်ဝါရီလ ၁၀ ရက်နေ့က သတင်း ထုတ်ပြန်လိုက်သည်။


တောင်ကိုရီးယား အစိုးရ လက်အောက်ရှိ အလုပ်အကိုင်၊ လုံခြုံရေးနှင့် ကျန်းမာရေး အေဂျင်စီ (KOSHA) သည် မြန်မာနိုင်ငံ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေး ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ အကူအညီများကို ပေးအပ်သွားမည် ဖြစ်ပြီး၊ ယင်းသို့ အကူအညီများ ပေးအပ်ရန်အတွက် အဆိုပါ အဖွဲ့အစည်း နှစ်ခုက ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် သဘောတူ လက်မှတ် ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း KOSHA ၏ ယင်းသတင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု သဘောတူ စာချုပ်အရ အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးအတွက် နှစ်ဖက် အဖွဲ့အစည်းများ ပူးပေါင်း၍ အလုပ်ရုံ ဆွေးနွေးပွဲများ၊ သုတေသန လုပ်ငန်းများ၊ နည်းပညာ အထောက်အပံ့များ ဖြည့်ဆည်း ပေးသွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

တောင်ကိုရီယားနိုင်ငံ အခြေစိုက် KOSHA သည် မြန်မာ အလုပ်သမားများ၏ အလုပ်အကိုင်၊ လုပ်ငန်းခွင် အခွင့်အလမ်းများနှင့် ကျန်းမာရေး ဝန်ဆောင်မှုများ ရရှိရေးအတွက် ၂၀၁၃ ခုနှစ်ကပင် စတင် အကူအညီများ ပေးအပ်လျက် ရှိသည်။

ထို့အပြင် KOSHA သည် မြန်မာအစိုးရ အကောင်အထည် ဖော်နေသည့် လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး ဥပဒေ အကောင်အထည် ဖော်ရေးအတွက် မြန်မာအရာရှိများကို သင်တန်းများ ပို့ချခြင်း၊ ဥပဒေ အကောင်အထည် ဖော်ဆောင်ရေးဆိုင်ရာ အကြံဉာဏ်များ ပေးအပ်ခြင်းများ ပြုလုပ်ခဲ့သည်။

The Voice Weekly

No comments:

Post a Comment