Wednesday, February 19, 2014

ကျွန်းပင်များဖျက်ဆီးမှုဖြင့် လယ်သမားများ ထောင်ကျ

အမျိုးသားသယံဇာတ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ (NRDC)ပိုင် ကျွန်းပင်များကို ၀င်ရောက်ဖျက်ဆီးသည် ဟုဆိုကာ တရားစွဲခံထားရသည့် ပဲခူးတိုင်း ပန်းတောင်းမြို့နယ် မကျီးပင်(ကြာအင်း)ကျေးရွာမှ လယ်သ မား ၁၂ ဦးကို ပန်းတောင်းမြို့နယ်တရားရုံးက ရုံးချိန်း ၃၈ ကြိမ် ခေါ်ယူစစ်ဆေးခဲ့ပြီးနောက် ဖေဖော်ဝါရီ ၁၈ ရက် နောက်ဆုံးရုံးချိန်းတွင် ထောင်ဒဏ်အသီးသီး ချမှတ် အပြစ်ပေးလိုက်သည်။


အဆိုပါလယ်သမားများတွင် ဦးမောင်လင်းကို ပုဒ်မ၄၃(က)အရ ထောင်ဒဏ်သုံးနှစ်၊ ဦးဖိုးကြာကို ပုဒ်မ ၄၃(က)အရ ထောင်ဒဏ်ရှစ်လ၊ ဦးစံပယ်၊ ဦးမင်းမင်း၊ ဦးဘဒင်နှင့် ဦးမြ၀င်းတို့ကို ပုဒ်မ၄၃(က) ထောင် ဒဏ် တစ်နှစ်ခွဲ၊ ပုဒ်မ၄၀(ဂ)အရ ထောင်ဒဏ်သုံးလ အမိန့်ချခဲ့ခြင်းဖြစ်သည်။

ဦးသာဒင်၊ ဦးဖိုးရွှေ၊ ဦးဖိုးငွေ၊ ဦးအောင်မိုးနိုင်တို့ကိုလည်း ပုဒ်မ ၄၃(က)အရ ထောင်ဒဏ်ခြောက်လ၊ ဦး တင်လှ၊ ဦးအောင်တင်ဝင်းတို့ကို ပုဒ်မ ၄၃(က) နှစ်မှုဖြင့် ထောင်ဒဏ်တစ်နှစ်ခွဲနှင့် ထောင်ဒဏ်ခြောက် လ၊ ပုဒ်မ ၄၀(ဂ)အရ ထောင်ဒဏ်သုံးလ အမိန့်ချခဲ့သည်။

“ပုဒ်မ ၄၃(ဃ) ကျွန်းပင်ဖျက်ဆီး၊ အမြင့်ဆုံး ခုနစ်နှစ်အထိ ထောင်ချလို့ရတယ်။ ပုဒ်မ ၄၀(ဂ) သစ်တော ကြိုးဝိုင်း ကျူးကျော် ထောင်ခြောက်လအထိ ချလို့ရတယ်။ သူ့အနေနဲ့ အသက်ညှာဆုံး လုပ်ပေးလိုက် တာ”ဟု ပန်းတောင်းမြို့နယ် တရားသူကြီးဒေါ်နန်းမေရင်က ပြောသည်။

တောင်သူများ မူလ ဓားမဦးကျ လုပ်ကိုင်နေသော လယ်ယာမြေများကို နိုင်ငံတော်၏ခွင့်ပြုချက်ဖြင့် အမျိုး သားသယံဇာတ ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီက ကျွန်းစိုက်ခင်းများပြုလုပ်ခဲ့ရာ တောင်သူများက နွားစား ကျက်မြေများ၊ စိုက်ပျိုးမြေများရရှိရန် ၎င်းကျွန်းပင်များကို ခုတ်ထွင်ရှင်းလင်းခဲ့ကြောင်း ထောင်ကျသွားသူ တောင်သူတစ်ဦး၏ဇနီး ဒေါ်မြင့်မြင့်ကြူက ပြောသည်။

“ကျွန်းပင်တွေ ဖျက်ဆီးတယ်ဆိုပြီး ကျွန်မတို့ယောက်ျားတွေကို မတရား ထောင်ချတယ်။ ကျွန်မတို့ တောင်သူတွေက ဒီအလုပ်လုပ်မစားရင် ဘာလုပ်စားရမှာလဲ”ဟု ၎င်းက ဆိုသည်။

လယ်ယာမြေများသည် ဒေသခံတောင်သူများ ဓားမဦးချလုပ်ကိုင်လာခဲ့ရာမှ ၁၉၉၉ ခုနှစ်တွင် ညောင် ကိုင်းဆည်စီမံကိန်းကြောင့် ပြောင်းရွှေ့ပေးခဲ့ရသည်။

ပြောင်းရွှေ့သည့်နေရာသစ်တွင် လုပ်ကိုင်စားသောက်ရန် အခက်အခဲရှိသောကြောင့် မူလသစ်တောကြိုး ၀ိုင်းအနီးသို့ ပြန်လည်ပြောင်းရွှေ့ရန် အသနားခံစာတင်ခဲ့ရာနိုင်ငံတော် တာဝန်ရှိသူအသီးသီးမှ ပြန်လည် နေထိုင်ခွင့်နှင့် စိုက်ပျိုးစားသောက်ရန်အတွက် တောင်သူတစ်ဦးလျှင် ခုနစ်ဧကရှိသော မြေယာကို သတ် မှတ်ပေးခဲ့ကြောင်း တောင်သူများက ပြောသည်။

ကုမ္ပဏီ၏ထုတ်ပြန်ချက်တွင် ၂၀၁၂ ခုနှစ်၊ ဇွန်လ ၈ ရက်မှစ၍ မကျီးပင်ရွာသားများက အကြိမ်ကြိမ် ကျူး ကျော်ဝင်ရောက် ဖျက်ဆီးမှုကြောင့် တစ်နှစ်သားမှ လေးနှစ်သားအထိ ကျွန်းပင် ၁၃၆,၃၄၈ ပင် ပျက်စီး ပြီး တန်ဖိုးငွေ ကျပ်သိန်းပေါင်း ၁,၄၄၄ သိန်းကျော် နစ်နာဆုံးရှုံးကြောင်း ဖော်ပြထားသည်။ ဒေသခံလယ် သမားများကို ၂၀၁၂ စက်တင်ဘာမှ စတင်ခါ အသီးသီး တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment