Thursday, February 6, 2014

တပ်သိမ်းမြေ ဧကတစ်သိန်းခွဲကျော် ပြန်ပေးရန် ကာချုပ် ထပ်မံခွင့်ပြု

တပ်မတော် အစိုးရလက်ထက်တွင် စီမံကိန်းများဖြင့် သိမ်းဆည်းထားသော မြေဧက တစ်သိန်းခွဲကျော်ကို မူလပိုင်ရှင်များထံသို့ ပြန်လည် ပေးအပ်ရန်အတွက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထပ်မံခွင့်ပြုထားကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ကျော်ညွန့်က ပြောကြားသည်။

ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ပြုလုပ်သော ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏မူနှင့် အခြေခံ သဘောထားများကို ရှင်းလင်း တင်ပြရာတွင် ၎င်းက အထက်ပါအတိုင်း ထည့်သွင်း ပြောဆိုခြင်း ဖြစ်သည်။

လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုကြောင့် ပြည်သူများ နစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေး ကော်မရှင်၏ ညှိနှိုင်း ဆောင်ရွက်ချက်အရ စိစစ်ပြီး မြေဧကပေါင်း ၁၅၄၁၁၆ ဒသမ ၄၈၆ ဧက စွန့်လွှတ်ပေးရန်အတွက် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က အတည်ပြုထားပြီး ဖြစ်ကြောင်း ဗိုလ်ချုပ်ကျော်ညွန့်က ဆိုသည်။
“တပ်မတော်အနေနဲ့ မြေသိမ်း လုပ်ငန်းစဉ် မရှိတော့ဘဲ မြေပြန်စွန့်လွှတ်တဲ့ လုပ်ငန်းစဉ်သာ ရှိပါတော့တယ်” ဟု ၎င်းကဆိုသည်။

တပ်မတော်က သိမ်းဆည်းထားသော မြေဧကများကို စိစစ်ပြီး ပြန်လည် ပေးအပ်ပြီးသော မြေဧကပေါင်း ၅၄,၂၅၅ ဒသမ ၀၀၃ ဧကရှိကာ ထပ်မံပေးအပ်မည့် မြေဧက တစ်သိန်းခွဲကျော်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် နိုင်ငံပိုင် သတင်းစာများတွင် ထည့်သွင်း ဖော်ပြသွားမည် ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

ဇန်နဝါရီ ၂၁ ရက်နေ့ ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင် နိုင်ငံတော် သမ္မတ ပေးပို့လာသော အုပ်ချုပ်ရေး အဖွဲ့အစည်း၏ လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ဖြေရှင်းမှု အစီရင်ခံစာတွင် တပ်မတော်၏ သိမ်းဆည်း ခံထားရသော လယ်မြေအမှုပေါင်း ၅၆၅ မှုတွင် ၃၃၂မှု ဖြေရှင်းပြီး ဖြစ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ အစီရင်ခံစာနှင့် ပတ်သက်ပြီး တပ်မတော်၊ အစိုးရနှင့် ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များက သိမ်းယူထားသော လယ်ယာမြေ ပြဿနာများကို အုပ်ချုပ်ရေးပိုင်းမှ တာဝန်ရှိသူများ၏ ဖြေရှင်းမှုမှာ ပွင့်လင်းမြင်သာမှု မရှိကြောင်း လွှတ်တော် ကိုယ်စားလှယ်များက ဝိုင်းဝန်း ကန့်ကွက်ခဲ့သည်။

အစိုးရ၊ တပ်မတော်နှင့် အခြားစီမံကိန်းများကြောင့် သိမ်းယူထားသော လယ်ယာမြေများကို ၂၀၁၃ ခုနှစ်အတွင်း ပြန်လည် ပေးအပ် ရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကို ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုကြောင့် ပြည်သူများ မနစ်နာစေရေး စုံစမ်းရေး ကော်မရှင်က တိုက်တွန်း ထားသည်။

The Voice Weekly

No comments:

Post a Comment