Wednesday, February 19, 2014

အသွင်ကူးပြောင်းရေးတွင် ယုံကြည်မှုတည်ဆောက်ရန် လွန်စွာအရေးကြီး

ဒီမိုကရေစီအသွင်ကူးပြောင်းနေသည့် မြန်မာနိုင်ငံတွင် ယုံကြည်မှုတည်ဆောက်ရန်အချက်သည် လွန်စွာ အရေးကြီးပြီး မဖြစ်မနေလုပ်ဆောင်ရန် လိုအပ်သည်ဟု နော်ဝေအခြေစိုက် ငြိမ်းချမ်းမှုနှင့်လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့ဖြစ်သည့် The Oslo Center ၏ လူ့အခွင့်အရေးဆိုင်ရာ လူမှုဆက်ဆံရေးအကြံပေး Mr. Havard Kleppa က မဇ္ဈိမကို ပြောသည်။


ရန်ကုန်မြို့ ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းရုံးချုပ်၌ ဖေဖော်ဝါရီ ၁၈ ရက်က ပြုလုပ် ခဲ့သည့် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်သည့် ဆွေးနွေးပွဲတွင် မဇ္ဈိမကို ပြောခြင်းဖြစ်သည်။

ယုံကြည်မှုတည်ဆောက်ခြင်းအပြင် တိုင်ပင်ခြင်း၊ ဆက်သွယ်ခြင်း၊ အများသဘောတူညီမှုရယူခြင်း၊ စေ့စပ် ညှိနှိုင်းခြင်းတို့လည်း လိုအပ်သည်ဟု ၎င်းက ဆိုသည်။

“ပထမဦးဆုံးအနေနဲ့ ယုံကြည်မှုတည်ဆောက်ဖို့လိုတယ်။ ယုံကြည်မှုရှိရင် အချင်းချင်း နိုင်ငံအကူးအ ပြောင်းကဏ္ဍအသီးသီးမှာ တိုင်ပင်လို့ရမယ်။ တိုင်ပင်တဲ့အခါမှာလည်း ယုံကြည်မှုရှိရင် စည်းလုံးတဲ့အ ဆက်အသွယ် အသိုင်းအ၀န်း ဖြစ်လာမယ်။ အဲဒီကမှတစ်ဆင့် အများသဘောတူညီချက် ရလာမယ်။ ထပ်ပြီး စေ့စပ်ညှိနှိုင်းကြမယ်။ ဒီအချက်တွေ မြန်မာနိုင်ငံရဲ့ ပြောင်းလဲရေးမှာ လိုအပ်တယ်”ဟု Mr. Kleppaက ပြောသည်။

ထိုအချက်များကို အစိုးရ၊ နိုင်ငံရေးသမားများ၊ တိုင်းရင်းသားများအပြင် အခြားတာဝန်ရှိသည့် အင်အားစု အားလုံးက လုပ်ဆောင်ရန် လိုအပ်သည်ဟုလည်း Mr.Havard Kleppaက ပြောသည်။ ဒီမိုကရေစီသို့ ပြုပြင်ပြောင်းလဲသွားနေသည့် နိုင်ငံတစ်နိုင်ငံသည် အစိုးရ၊ ရွေးကောက်ပွဲ၊ လွှတ်တော်တို့မှာ တရားမျှတ မှုရှိနေရမည်ဖြစ်ပြီး တိုင်းရင်းသားရေး၊ ကျားမ အခွင့်အရေးတို့လည်း တန်းတူညီမျှဖြစ်ရန် တစ်ပြိုင်တည်း လိုအပ်သည်ဟု ပြောသည်။

The Oslo စင်တာသည် နော်ဝေနိုင်ငံ၏၀န်ကြီးချုပ်Mr.Kjell Magne Bondevik က ၂၀၀၆ ခုနှစ်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဒီမိုကရေစီ လမ်းစဉ်များ ဖွံ့ဖြိုးတိုးတက်စေရန် ကူညီပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment