Thursday, February 6, 2014

အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်နိုင်ရေး အလုပ်ရှင်၊ အလုပ်သမားကြား ကန့်ကွက်မှုများကြောင့် ကြန့်ကြာနိုင်

အနိမ့်ဆုံးလုပ်ခလစာကို ၂၀၁၄ ခုနှစ်အတွင်း သတ်မှတ်နိုင်ရန် ဆောင်ရွက်နေသော်လည်း အလုပ်ရှင် အလုပ်သမားကြား နှစ်ဖက်ကန့်ကွက်မှုများကြောင့် သတ်မှတ်နိုင်ရေး ပိုပြီးကြန့်ကြာနိုင်သည်ဟု အလုပ် သမား အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင်က ပြောသည်။

အနိမ့်ဆုံးလုပ်ခ သတ်မှတ်ပေးနိုင်ရေးအတွက် စစ်တမ်းများ စတင်ကောက်ယူလျက်ရှိပြီး ရန်ကုန်၊ ပဲခူး၊ မန္တလေးတိုင်းတို့တွင် ဆောင်ရွက်ပြီးစီးသော်လည်း လိုအပ်ချက်များရှိနေရာ သတ်မှတ်နိုင်ရန် အခက်အခဲ များဖြစ်နေသည့်အပြင် ကုန်ဈေးနှုန်းမြင့်မားခြင်းကလည်း စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်ဟု ၎င်းက ဆိုသည်။

လုပ်ခလစာနှင့်ပတ်သက်ပြီး ၀န်ကြီးဌာန သတ်မှတ်ဈေးနှုန်းများကို အလုပ်ရှင်များက ပေးဆောင်နိုင်ခြင်း မရှိ ကန့်ကွက်နိုင်ပြီး အလုပ်သမားများကလည်း သတ်မှတ်လိုက်သည့် လုပ်ခလစာမှာ မိမိတို့ တောင်းဆို ထားသည့် နှုန်းထားမဟုတ်လျှင်လည်း ကန့်ကွက်နိုင်သည်ဟု ၀န်ကြီးဌာန တာဝန်ရှိသူများနှင့် လုပ်ငန်း ရှင်များက ပြောသည်။

“သတ်မှတ်ပေးလိုက်တာနဲ့ အလုပ်သမားကလည်း လိုချင်တဲ့ လစာနှုန်းထားမဟုတ်ဘူးဆိုရင် ကန့်ကွက် နိုင်တယ်။ အလုပ်ရှင်ဖက်ကလည်း ပေးနိုင်တဲ့အနေအထား မဟုတ်ဘူးဆိုရင် ကန့်ကွက်မှာပဲ။ ဥပဒေအရ သတ်မှတ်ပြီးနှစ်ပတ်အတွင်း ကန့်ကွက်နိုင်တယ်”ဟု ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် သုံးသပ်ပြသည်။

အနိမ့်ဆုံးလုပ်ခလစာ သက်မှတ်သည့်အခါတွင် တိုင်းနှင့်ပြည်နယ်များအလိုက် သတ်မှတ်နှုန်းထား တူညီ မည်မဟုတ်ဘဲ မြို့ကြီးများနှင့် မြို့ငယ်များအကြား လုပ်ခလစာ သက်မှတ်ချက်သည်လည်း တူညီခြင်း မရှိနိုင်သည့်အတွက် ဒေသအလိုက် အလုပ်သမားများ ကျေနပ်နိုင်ရန် ခက်ခဲသည်ဟု စက်ရုံလုပ်ငန်းရှင် များနှင့် တာဝန်ရှိသူများ သုံးသပ်ထားသည်။

“အစိုးရအနေနဲ့ အနိမ့်ဆုံးလုပ်ခလစာကို သတ်မှတ်လိုက်၊ ပုံသေတော့မဟုတ်ဘူးပေါ့။ ကုန်ဈေးနှုန်းတက် တယ်ဆိုရင် လုပ်ခလစာလည်း လိုက်တက်ပေါ့။ ကျွန်တော်တို့ လုပ်ငန်းရှင်တွေကို လုပ်ငန်းနဲ့ပတ်သက် တဲ့ ဆောင်ရွက်မှုတွေလည်း လုပ်ဆောင်ပေးမလားဆိုတာ အရေးကြီးတယ်။ ဥပမာ လျှပ်စစ်မီး ၂၄ နာရီ ပေးနိုင်တယ်ဆိုရင်လည်း လုပ်ခလစာတိုးပေးတာလည်းရှိတယ်”ဟု အထည်ချုပ်လုပ်ငန်းရှင်တစ်ဦးက မဇ္ဈိမကို ပြောသည်။

သတ်မှတ်လိုက်သည့် အနိမ့်ဆုံးလုပ်ခလစာပေါ်မူတည်ပြီး မပေးနိုင်သော စက်ရုံများ ပိတ်သိမ်းနိုင်သော် လည်း အားလုံး ပိတ်သိမ်းသည်အထိ ဖြစ်နိုင်ရန် ခက်ခဲသည်ဟု လုပ်ငန်းရှင်အချို့က ဆိုသည်။

Mizzima

No comments:

Post a Comment