Wednesday, February 19, 2014

သန်းခေါင်းစာရင်းကောက်ယူရာတွင် လုံခြုံရေးပိုမိုတင်းကျပ်ပေးရန် ၀န်ကြီးဦးခင်ရီကို ရခိုင်ဒေသခံများ တင်ပြ

ရခိုင်ပြည်နယ်အတွင်း သန်းခေါင်းစာရင်းကောက်ယူရာတွင် လုံခြုံရေးကို ပိုမိုတင်းကျပ်စွာ ဆောင်ရွက် ပေးရန် ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကို တင်ပြခဲ့သည်ဟု ရခိုင်ဒေသခံများက ဖေဖော်ဝါရီ ၁၈ ရက်တွင် မဇ္ဈိမကို ပြောသည်။

ဝန်ကြီးဦးခင်ရီသည် သန်းခေါင်စာရင်း ကောက်ယူရေးနှင့်ပတ်သက်၍ ရခိုင်ပြည်နယ်၊ စစ်တွေ၊အ.ထ.က (၄) မဟာပညာကျော်ခန်းမတွင် ပြုလုပ်သည့် လူထုကို ရှင်းလင်းအသိပေးခြင်းပွဲတွင် ရခိုင်လူထုကထိုသို့ တောင်းဆို လိုက်ခြင်း ဖြစ်သည်။

“စွဲတင်စစ်လုပ်တုန်းက တစ်ဖက်အဖွဲ့အစည်းရဲ့ တိုက်ခိုက်တာတွေ ဖြစ်ခဲ့တယ်။ ၀န်ထမ်းတွေ ဒဏ်ရာရ ခဲ့တယ်။ သန်းခေါင်စာရင်းကောက်တဲ့နေရာမှာ ဒီလိုမဖြစ်အောင် လုံခြုံရေးကို တိုးမြှင့်ဖို့ တင်ပြတာပါ”ဟု တွေ့ဆုံပွဲ သို့ တက်ရောက်ခဲ့သူ ဦးသန်းထွန်းက ပြောသည်။

ထို့ပြင် စစ်တွေဒေသခံများသည် ၀န်ကြီးနှင့်တွေ့ဆုံစဉ် သန်းခေါင်စာရင်းကောက်ယူရာ၌ လူမျိုးအမည် မထည့်သွင်းဘဲ ကုတ်နံပတ်သာ ထည့်သွင်းကောက်ခံစေလိုသည်ဟုလည်း အကြံပြု တင်ပြခဲ့ကြသည်။

ဝန်ကြီးက အဆိုပါကိစ္စများနှင့်ပတ်သက်၍ စဉ်းစားပေးမည်ဖြစ်ကြောင်း ကတိပြုခဲ့သည်ဟု ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝန်ကြီး ဦးလှဟန်က ပြောသည်။

“၀န်ကြီးအနေနဲ့ကတော့ သန်းခေါင်စာရင်းအကြောင်း ပြည်သူတွေကို ရှင်းပြတာပါ။ ဘင်္ဂါလီဘက်က အဖွဲ့အစ ည်းတွေ နဲ့ လည်း တွေ့ဖို့ရှိပါတယ်”ဟု ၎င်းက ဆိုသည်။

ရခိုင်ပြည်နယ် လုံခြုံရေးနှင့်ပတ်သက်၍ ပိုမိုတင်းကျပ်ပေးရန် လိုအပ်သည်ဟု မောင်တောဒေသခံများ ကလည်း ဒုချရားတန်း စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖေဖော်ဝါရီ ၁၆ ရက်က တင်ပြထားသေးသည်။

ရခိုင်ပြည်နယ် မြို့နယ်အများစုတွင် လက်ရှိအခြေအနေထိ ညမထွက်ရအမိန့်များ ထုတ်ပြန်ထားဆဲဖြစ်ပြီး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် ၂၀၁၄ သန်းခေါင်စာရင်းကောက်ယူရေးအတွက် ပြည်နယ်နှင့် တိုင်းများ သို့ လူထုရှင်းလင်းချက်များ ပြုလုပ်လျက်ရှိပြီး ရန်ကုန်၊ ချင်းပြည်နယ်များသို့ ရောက်ရှိပြီးဖြစ်ကာ ယခုအခါ ရခိုင်ပြည်နယ်သို့ ရောက်ရှိနေခြင်းဖြစ်သည်။

Mizzima - News in Burmese

No comments:

Post a Comment