Monday, February 10, 2014

မြန်မာ့ ဆက်သွယ်ရေး လုပ်ကိုင်ခွင့်ရ ရတနာပုံ ကုမ္ပဏီကို ဆက်သွယ်ရေး လိုင်စင်ချထားပေးမည်

မြန်မာနိုင်ငံ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ခွင့်ရ ပြည်တွင်း အော်ပရေတာ တစ်ခုဖြစ်သည့် Yatanarpon Public Co.,Ltd. ကို ဆက်သွယ်ရေး လုပ်ငန်း ဆောင်ရွက်ခွင့် လိုင်စင်ပေးရန် စီစဉ်လျက် ရှိနေကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရသိရသည်။


အဆိုပါ ကုမ္ပဏီသည် မြန်မာ့ ဆက်သွယ်ရေး ဝန်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်ခွင့်ရ ပြည်တွင်း အော်ပရေတာ နှစ်ခုအနက် တစ်ခုဖြစ်ပြီး လက်ရှိတွင်လည်း အင်တာနက်လိုင်းများ ရောင်းချခြင်း၊ ကြိုတင် ငွေဖြည့်ကတ်များ ရောင်းချခြင်းနှင့် တခြားဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်လျက် ရှိပြီး မကြာသေးမီက အများပိုင် ကုမ္ပဏီအဖြစ် လုပ်ဆောင်ခဲ့ရာ ဆက်သွယ်ရေး လုပ်ငန်း ဆောင်ရွက်ခွင့် လိုင်စင်ချထားပေးရန် စီစဉ်နေခြင်း ဖြစ်ကြောင်း သိရသည်။

''ပြည်ပကုမ္ပဏီ နှစ်ခုကို လုပ်ကိုင်ခွင့် ပြုပြီးတဲ့နောက်မှာ ပြည်တွင်း ကုမ္ပဏီဖြစ်တဲ့ ရတနာပုံ ကုမ္ပဏီကိုလည်း လိုင်စင်ချပေးဖို့ လုပ်နေပါတယ်။ လုပ်ကိုင်ခွင့်ကို မျှမျှတတပေးထားပါတယ်'' ဟု ၎င်းက ပြောကြားခဲ့သည်။

ဇန်နဝါရီ ၃ဝ ရက်က တယ်လီနောနှင့် အော်ရီဒူး ဆက်သွယ်ရေး ကုမ္ပဏီနှစ်ခုကို ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာန ဆက်သွယ်ရေး ညွှန် ကြားမှု ဦးစီးဌာနမှ Nation Wide Telecommunications Licence လက်မှတ် ရေးထိုးခဲ့ပြီး မြန်မာနိုင်ငံအတွင်း ဆက်သွယ်ရေးနှင့် ပတ်သက်သည့် လုပ်ငန်းများ စတင်လုပ် ကိုင်ရန်အတွက် ဆက်သွယ်ရေး လိုင်စင်များ ချထားပေးခဲ့ကြောင်း သိရသည်။

ဆက်သွယ်ရေးနှင့် ပတ်သက်သော လုပ်ငန်းများ လုပ်ကိုင်ကြမည့် တယ်လီနော၊ အော်ရီဒူး၊ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းနှင့် ရတနာပုံ တယ်လီပို့တို့ အနေဖြင့် မျှတသော ယှဉ်ပြိုင်မှုဖြင့် လုပ်ကိုင် သွားရမည်ဖြစ်ကြောင်း၊ ယင်းအတွက်ကြောင့် ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများစွာ ဖန်တီးပေး နိုင်မည် ဖြစ်ကြောင်း သိရသည်။

မြ၀တီ

No comments:

Post a Comment