Wednesday, February 5, 2014

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်အစိုးရ အကြံပေးအရာရှိ မြန်မာနိုင်ငံရောက်ရှိ

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အစိုးရ၏ အကြီးတန်း အကြံပေးအရာရှိ Ms.Judith Cefkin သည် မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို လေ့လာရန်အတွက် ဖေဖော်ဝါရီလ ၃ ရက်နေ့က ရောက်ရှိနေကြောင်း အမေရိကန်အစိုးရက သတင်းထုတ်ပြန်သည်။


Ms.Cefkin သည် ၎င်း၏ ခရီးစဉ်အတွင်း အစိုးရ အရာရှိများ၊ နိုင်ငံတကာ အလှူရှင်များ၊ အရပ်ဘက် လူ့ အဖွဲ့အစည်းများနှင့် တွေ့ဆုံပြီး မြန်မာနိုင်ငံ ၏ ပြုပြင် ပြောင်းလဲမှုများ၊ ဖွံ့ဖြိုးရေး လုပ်ငန်းများနှင့် ပတ် သက်၍ ဆွေးနွေးသွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် ၎င်းသည် မြန်မာ့ ငြိမ်းချမ်းရေး၊ အသွင်ကူးပြောင်းရေး၊ လူ့အခွင့်အရေးနှင့် နိုင်ငံတကာ အထောက်အပံ့ ကဏ္ဍများနှင့် ပတ်သက်သည့် အမေရိကန် အစိုးရ ကျင့်သုံးမည့် မူဝါဒကို ချပြသွားမည် ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Ms.Cefkin သည် မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ ၃ ရက်နေ့မှ ဖေဖော်ဝါရီ ၈ ရက်နေ့အထိ နေထိုင်မည် ဖြစ်ပြီး ရန်ကုန်၊ နေပြည်တော်နှင့် အခြားမြို့ကြီးများသို့ သွားရောက်မည် ဖြစ်ကြောင်း ယင်းကြေညာချက် တွင် ပါရှိသည်။

အဆိုပါ အမေရိကန် အစိုးရအကြံပေး အရာရှိမှာ မြန်မာခရီးစဉ် မတိုင်မီ ဗြိတိန်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများ သို့ သွားရောက်ခဲ့သည်။

Ms.Cefkin ၏ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်အတွင်း ဘင်္ဂလာဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Md Shahriar AlamE နှင့် တွေ့ဆုံရာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တရားမဝင် ရောက်ရှိနေသော မြန်မာနိုင်ငံမှ ရိုဟင်ဂျာ (မူရင်း အသုံးအနှုန်းအတိုင်း) များကို မြန်မာအစိုးရက ပြန်လက်ခံရန် တိုက်တွန်းသွားမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီးက ပြောကြားခဲ့ကြောင်း၊ ယင်းသို့ ပြောကြားချက်အပေါ် Ms.Cefkin က အမေရိကန် ပြည်ထောင်စုကလည်း ရိုဟင်ဂျာများ မြန်မာနိုင်ငံတွင် ပြန်လည် အခြေချနိုင်ရန်နှင့် တန်းတူ အခွင့်အရေး ရရှိစေနိုင်ရန်အတွက် မြန်မာ အစိုးရကို တိုက်တွန်းသွားမည် ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် မြန်မာအစိုးရကမူ မြန်မာနိုင်ငံရှိ တိုင်းရင်းသား လူမျိုးများတွင် ရိုဟင်ဂျာလူမျိုး မရှိကြောင်း၊ ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီများကို လက်ခံလိုသည့် နိုင်ငံများ ရှိပါက ပို့ဆောင်ပေးမည် ဖြစ်ကြောင်း အကြိမ်ကြိမ် ပြောကြားထားသည်။

The Voice Weekly

No comments:

Post a Comment