Thursday, February 20, 2014

ကျေးလက်လူငယ်များ အလုပ်နှင့်ပညာရေးအခွင့်အလမ်း နည်းပါး

မန္တလေးတိုင်းအတွင်းရှိ ကျေးလက်ဒေသများတွင် လူငယ်များ၏ အလုပ်အကိုင်နှင့် ပညာရေးအခွင့်အ လမ်းများ နည်းပါးနေဆဲဖြစ်၍ ကျပန်းလုပ်ကိုင်စားသောက်နေကြရပြီး လူငယ်များ၏အနာဂတ် ခွန်အား များ ဆုံးရှုံးနေသည်ဟု အထက်မြန်မာပြည် ကျေးလက် အလုပ်အကိုင်အခွင့်အလမ်းနှင့် ပညာရေး စောင့် ကြည့်ရေးအဖွဲ့မှ အတွင်းရေးမှူးဦးကျော်မိုး (သုတေသန)က မဇ္ဈိမကို ပြောသည်။

“ကျွန်တော်တို့ ကျေးလက်တွေမှာ ဘာတွေတွေ့နေရလဲဆိုရင် ပညာရေးအခက်အခဲနဲ့ အလုပ်အကိုင် အခွင့် အလမ်းပဲ။ သူတို့မှာ ဘာမှမရှိဘူး။ သူတို့မှာ ယုံကြည်မှုပျောက်နေတယ်”ဟု ၎င်းက ပြောသည်။

ပညာရေးအားနည်းခြင်းနှင့် အလုပ်အကိုင်အခွင့်အလမ်း ရှားပါးခြင်းများကြောင့် လူကုန်ကူးသူများ၏ မက် လုံးပေးစည်းရုံးသည်ကို ယုံကြည်လွယ်ပြီး လူကုန်ကူးခံနေရခြင်းများလည်း ရှိနေသည်။ လူကုန်ကူးခံရသူ အများစုသည် ကျေးလက်နေလူငယ်များဖြစ်ပြီး တချို့ကျေးလက်ပြည်သူများမှာ နေရပ်စွန့်ခွါ၍ ရေကြည် ရာမြက်နုရာသို့ သွားရောက် လုပ်ကိုင်နေထိုင်ကြရသည်။ လူငယ်အများစုမှာ ပညာရေးကိုစွန့်၍ မြို့ပြများ သို့တက်ကာ စားသောက်ဆိုင်များတွင် စားပွဲထိုးအဖြစ် လုပ်ကိုင်နေကြကြောင်း ဦးကျော်မိုး(သုတေသန) က ပြောသည်။

“ကျွန်တော်တို့အဖွဲ့ ကျေးလက်တွေ ဆင်းကြည့်လေ့လာရင် ဘာတွေ့လဲဆို ကလေးတွေက စာသင်ရ မှာကြောက်နေတယ်။ တောထဲတောင်ထဲဆင်းပြီး အလုပ်လုပ်ချင်နေကြတယ်။ ပညာသင်တာ ပိုက်ဆံမ ရဘူး။ အလုပ်လုပ်တာ ပိုက်ဆံရတယ်ဆိုတဲ့အသိက သူတို့မှာ ကိန်းအောင်းနေတယ်။ ရှေ့က ကလေး တွေကလည်း ဒီလိုတွေလုပ်ခဲ့ကြတော့ သူတို့မှာ ဒီစိတ်ပဲ ကိန်းအောင်းနေတယ်။ မိဘကလည်း ဒီလိုပဲ။ အဲလိုတွေဖြစ်နေတော့ ပညာရေးမျိုးဆက် ပြတ်ကုန်တယ်။ မျိုးဆက်က သုံးဆက် လေးဆက် ပြတ်နေ တယ်။

“ဒါကို ကျွန်တော်တို့ အရပ်ဘက်အဖွဲ့အစည်းတွေကနေ လူငယ်နဲ့ပညာရေး၊ လူငယ်နဲ့အလုပ်အကိုင် နည်းမှန် လမ်းမှန် ချိတ်ဆက်နိုင်အောင် အသိပညာပေး ဟောပြောစည်းရုံးသွားမယ်”ဟု ဦးကျော်မိုး (သု တေသန)က ဆိုသည်။

လက်ရှိ ကျေးလက်နေပြည်သူအများစုသည် တောခုတ်၊ ငါးဖမ်း၊ လယ်စာရင်းငှားလိုက်၍ ၀မ်းရေးဖြေရှင်း နေကြပြီး ပညာရေးကို ကျောခိုင်းနေကြသည်။

ကျေးလက်နေပြည်သူများ၏ အလုပ်လက်မဲ့ဖြစ်ခြင်းနှင့် ပညာရေးကို ကျောခိုင်းနေခြင်းများသည် စစ်အ စိုးရလက်ထက် မြေသိမ်းယူမှုများကြောင့် ၉၅ ရာခိုင်နှုန်း ဖြစ်ပွားခဲ့သည်ဟု ဦးကျော်မိုး(သုတေသန)က သုံးသပ်သည်။

ကျေးလက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန် ဒေသထွက်ကုန်များ အသုံးပြု၍ အသေးစားကုန် ထုတ်လုပ်မှုအတတ်၊ အိမ်တွင်းမှု အသက်မွေးဝမ်းကျောင်းပညာနှင့် နည်းပညာသင်တန်းများ ဖွင့်လှစ်ရန် လိုကြောင်းနှင့် ပညာရေးတွင်လည်း အသက်မွေးဝမ်းကျောင်းပညာများကို တွဲဖက်သင်ကြားပေးရန် လို မည်ဖြစ်ရာ အရပ်ဘက်အဖွဲ့အစည်းများက ပါဝင်ကူညီဖို့လိုသည်ဟု ဆိုသည်။

“ကျေးလက်ပညာရေးကို စနစ်တစ်ခုနဲ့ ဘယ်လိုသွားရမယ်ဆိုတာ သုတေသနလုပ်မယ်။ စာတမ်းပြုစု မယ်။ ပြီးရင် အစိုးရအဖွဲ့ကို တင်ပြ အကြံဥာဏ်ပြုသွားမယ်။ ကျေးလက်ကို ပညာရေးနဲ့မြှင့်တင်မှ တိုးတက်မှာပါ”ဟု ၎င်းက ဆိုသည်။

ကျေးလက်ပညာရေး စောင့်ကြည့် သုတေသနပြုမည့်အဖွဲ့ကို ဇန်န၀ါရီ ၄ ရက်က ယာယီဖွဲ့စည်းထားပြီး အဆိုပါအဖွဲ့တွင် အငြိမ်းစားကျောင်းဆရာများနှင့် ပညာရေးဝန်ထမ်းများ ပါဝင်သည်။

Mizzima - News in Burmese

No comments:

Post a Comment