Tuesday, February 4, 2014

ရွေးကောက်ပွဲတွင် NLD အနိုင်ရမည်ကို ကြောက်၍သာ ၅၉ (စ) ကို မပြင်လိုခြင်းဖြစ်ဟု အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ပြောကြား

လာမည့် ရွေးကောက်ပွဲတွင် NLD ပါတီ အနိုင်ရမည်ကို ကြောက်၍ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၅၉ (စ) ကို မပြင်ဆင်လိုခြင်း ဖြစ်ကြောင်း အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။
ဖေဖော်ဝါရီ ၃ ရက်က ပြည်သူ့လွှတ်တော်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က ၎င်းသာ သမ္မတဖြစ်ခဲ့ပါက တိုင်းတစ်ပါး ဘာသာခြားများ၏ လွှမ်းမိုးမှုကို ခံရမည်ဖြစ်သောကြောင့် ၅၉ (စ) ကို မပြင်သင့်ဟူသော အသံများ ထွက်ပေါ်နေခြင်းအပေါ် “အဲဒါကတော့ NLD နိုင်မှာကြောက်လို့ ပြောတာလို့ ထင်တယ်။ အဲဒီလိုထင်တာပဲ။ ဒါ အန်တီအမြင် ပြောတာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်တုံ့ပြန် ပြောကြားခဲ့ခြင်းလည်း ဖြစ်သည်။

ထို့အပြင် ၅၉(စ)ကိုမပြင်ဆင်ရန် ဆန္ဒ ထုတ်ဖော်ဟောပြောမှုများ ပြုလုပ်နေခြင်း အပေါ် ဒေါ်အောင်ဆန်းစုကြည်က “အဲဒါက ဘာမှ အားပြိုင်မှု မရှိပါဘူး။ လူတိုင်းသိနိုင်တဲ့ ကိစ္စပဲ။ အန်တီတို့လူတွေက ဆန္ဒထုတ်ဖော် ပြောတယ်ဆိုတာ လူမြင်ကွင်းမှာ ထုတ်ဖော်ပြောတာဆိုတော့ အားလုံးရှင်းရှင်းလင်းလင်း ဘွင်းဘွင်းလုပ်တာ။ ဘယ်သူ့မှ ဘာမှ မေးစရာ မလိုဘူး။ ဟိုတစ်သိန်းကျော်က လည်း အန်တီတို့လည်း ဒီလက်မှတ်ကို မ သိသေးဘူး။ အန်တီ နားလည်သလောက်က တော့ တစ်ယောက်ချင်း အသေးစိတ်ဘာမှ ကို မပါဘူးပေါ့နော်။ လက်မှတ်တွေပဲဆို တော့ အန်တီအနေနဲ့ ဘာမှ သိပ်ပြီးတော့ အလေးထားစရာ မလိုဘူးပေါ့နော်”ဟု ပြောကြားသည်။

ထို့ပြင် ဖွဲ့စည်းပုံပြင်ဆင်ရေးနှင့် ပတ်သက်၍ ပြည်သူများရုန်းရင်းဆန်ခတ်မဖြစ် စေရေးနှင့် တရားဥပဒေ စိုးမိုးရေး ရှင်သန်စေရန်အတွက် လွှတ်တော်တွင်း၌သာ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရာတွင် လွှတ်တော်က ပြည်သူလူထု ဆန္ဒအတိုင်း ဆောင်ရွက်၊ မ ဆောင်ရွက်ကိုသာ စောင့်ကြည့်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Eleven Media Group

No comments:

Post a Comment