Monday, March 17, 2014

လီဗာပူးလ်က ယူနိုက်တက်ထက် ပိုကောင်းခဲ့ကြောင်း မိုယက်စ်ဝန်ခံ

လီဗာပူးလ် အသင်းသည် မိမိတို့ထက် ပို၍ ကောင်းမွန်ခဲ့ကြောင်း မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ ဒေးဗစ်မိုယက်စ်က ဝန်ခံ ပြောကြားလိုက်သည်။

ယူနိုက်တက်သည် အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်တွင်ပင် အစဉ်အလာ ပြိုင်ဘက်တို့ကို ပင်နယ်တီ(၃)လုံး ပေးရပြီး ကစားသမား(၁)ဦး အနီကတ်ထိကာ (၃-၀)ဖြင့် အရေးနိမ့်ခဲ့သည်။ အဆိုပါ ပွဲစဉ်ရလဒ်သည် ချန်ပီယံလိဂ် ဝင်ခွင့်အတွက် ယူနိုက်တက်၏ မျှော်လင့်ချက်များကို ဆုံးခန်းတိုင်စေရန် သေချာသလောက် ဖြစ်လာစေခဲ့သည်။ မိုယက်စ်က ရှုံးပွဲအတွက် စိတ်ပျက်မိကြောင်း ပြောဆိုခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်အတွက်မူ အစွမ်းရှိသလောက် ဆက်လက် အားထုတ် ကြိုးစားသွားမည်ဟု ဖွင့်ဟသွားခဲ့သည်။“ပင်နယ်တီတွေ အများကြီး ပေးလိုက်ရတဲ့ ပွဲစဉ်တစ်ခုကို ထိန်းချုပ်ကိုင်တွယ်ဖို့ ဆိုတာကတော့ အင်မတန် ခက်ခဲသွားပါတယ်။ တချို့ဆုံးဖြတ်ချက်တွေက မှန်ကန်ပြီး တချို့ကတော့ မှားယွင်းခဲ့တယ်။ အသင်းအတွက်တော့ တကယ့်ကို ကြမ်းတမ်းတဲ့ နေ့တစ်နေ့ပါပဲ။ ပထမပိုင်း အပြီးမှာ ပင်နယ်တီကြောက့် ကျွန်တော်တို့ (၁)ဂိုးနောက်က လိုက်ကစားနေရတယ်။ ဒုတိယပိုင်းအစ စက္ကန့်(၂၀)လောက်မှာတင် ပင်နယ်တီ ထပ်ပေးလိုက်ရတဲ့ အခါမှာတော့ ကျွန်တော်တို့ ရှေ့ဆက်ရမယ့်လမ်းဟာ အရမ်းကို မတ်စောက် ကြမ်းတမ်းသွားပြီလေ”ဟု မိုယက်စ်က ဆိုသည်။

သတင်းထောက်များက လီဗာပူးလ်သည် ယူနိုက်တက်ထက် ပို၍ကောင်းခဲ့သည်ဟု ယူဆခြင်းရှိမရှိ မေးမြန်း ရာ မိုယက်စ်က “ဟုတ်ပါတယ်။ သူတို့က ကျွန်တော်တို့ထက် ကစားပုံ ကောင်းခဲ့တယ်။ ပွဲမှာ ဒိုင်ဆုံးဖြတ်ချက် တချို့က သူတို့အတွက် အသာရစေခဲ့တယ်။ အထူးသဖြင့် အချိန်ကောင်းတွေမှာ သူတို့ပင်နယ်တီတွေ ရသွားတယ်။ ခုချိန်မှာတော့ ဒီအကြောင်းတွေ ကျွန်တော် ပြောမနေတော့တာ ပိုကောင်းပါလိမ့်မယ်။ တာဝန်ရှိသူတွေ အပေါ်မှာပဲ ဒါတွေက မူတည်လိမ့်မယ်။ သူတို့ မှန်ကန်တဲ့ ဆုံးဖြတ်ချက် ချနိုင်ခဲ့တာလို့ပဲ မျှော်လင့်ကြည့်ရုံပေါ့”ဟုလည်း ဖြေကြားခဲ့သည်။

မိုယက်စ်က ချန်ပီယံလိဂ် ကစားခွင့် အလားအလာနှင့် ပတ်သက်ပြီးမူ “အဆုံးသတ် အချိန်ထိ ကျွန်တော်တို့ ဆက်ပြီး တိုက်ပွဲဝင်နေမှာပါ။ ကျွန်တော်တို့ ဘယ်အခြေအနေ ပြန်ဖြစ်လာမလဲ ဆိုတာကို စောင့်ကြည့်ကြ တာပေါ့။ အခြေအနေကတော့ ခက်ခဲပါလိမ့်မယ်။ ဒါပေမဲ့ ကျွန်တော်တို့ ဘာလုပ်နိုင်မလဲ ဆိုတာကို ကြည့်ရ ပါမယ်”ဟုလည်း ပြောဆိုသွားသည်။

Skysport

No comments:

Post a Comment